22.6.16

ရှမ်းထုံးစံ အစဉ်အလာရောင်းဝယ်ဖောက်ကားခြင်းနှင့် အချိန်အတွယ်

ရှမ်းပြည်နယ်ရှိ ဈေးများမှာ အားလုံး ငါးရက်တစ်ကြိမ်ဈေးများ ဖြစ်ကြသည်။ ဥပုသ်နေ့များ၊ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနှင့် ကြုံပါက ဈေးနေ့မတိုင်မီ ဈေးဖိတ်နေ့ကို ဈေးနေ့အဖြစ် ပြုလုပ်ကြသည်။ မြို့ကြီးများ၏ ဈေးနေ့များကို လူတိုင်းသိကြသည်။ ရွာတစ်ရွာ၏ ဈေးဖိတ်နေ့ကို အနီးနားရှိ ရွာများက သိကြသည်။ စာမတတ်သူများပင် ဈေးဖိတ်နေ့နှင့် ဈေးနေ့များကို ရေတွက်မှတ်သားထားတတ် ကြသည်။ ဤအချက်ကို ထောက်ရှုခြင်းဖြင့် ရောင်းဝယ်ဖောက်ကားရေးတွင် ဈေးသည် အဓိက အရေးကြီးကြောင်း ထင်ရှားသည်။ ဈေးသည်များသည် ဈေးငါးရက်တစ်ပတ် လည်လာသည်အထိ မိမိတို့ ကုန်ပစ္စည်းများကို ကျွဲ၊ နွားလှည်း၊ မြည်း၊ လား၊ ပခုံးထမ်း၊ ခေါင်းရွက်၊ ပလိုင်းလွယ်စသော ဝန်တင်များဖြင့် လှည့်လည်ရောင်းချ ကြသည်။ ဈေးသည် စီးပွားရေးအတွက် သက်သက်မဟုတ်၊ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးတို့နှင့်လည်း အကျုံးဝင်လေသည်။

ရှမ်းပြည်နယ်ဈေးများတွင် တွေ့ရတတ်သော ပစ္စည်များမှာ တောင်ပေါ်ဆန်၊ လက်ဖက်ခြောက်၊ သနပ်ဖက်၊ ပဲပုပ်အခြောက်၊ အစို၊ ခေါပုပ်အမျိုးမျိုး၊ အချဉ်၊ အငန်သိပ် ဟင်းရွက်အမျိုးမျိုး၊ ခြံထွက်ပစ္စည်း အမျိုးမျိုး၊ အိမ်းတွင်း လက်မှုဖြစ် ပင်နီစ၊ ဖျင်စများ၊ ရှမ်းအဝတ်အစားများ၊ စား၊ ပေါက်ပြား အစရှိသော အိမ်သုံးပစ္စည်းများ အိုးခွက်စသည်တို့ ဖြစ်သည်။

ရှမ်းအမျိုးသားများ ရောင်းဝ.်ဖောက်ကားရာတွင် တိုင်းထွာခြင်တွယ်သော စနစ်မှာ အောက်ပါအတိုင်း ဖြစ်သည်-

အခြေခံအားဖြင့် စပါးနှင့်ဆန် ခြင်တွယ်ရာတွင် မြန်မာကဲ့သို့ စလယ်၊ ပြည်၊ ခွဲ၊ တင်း စသည်တို့ကို သုံးသည်

ရှမ်းမြန်မာ
ဆီစလယ် = နိုင်ပယ်လေးစလယ် = တပြည်
ပြက်ပယ် = ခွိုင်းနိုင်ရှစ်ပြည် = တခွဲ
ဆောင်ခွိုင် = တန်နိုင်နှစ်ခွဲ = တတင်း
ဆံတန် = နိုင့်လန်၁၀တင်း = တဆော


အလေးချိန်ခွင်များတွင် မြန်မာပိဿာကျပ် အလေးများကို အသုံးပြုပြီး ချိန်ခွင်ကိုလည်း မြန်မာချိန်ခွင်အတိုင်း အသုံးပြုသည်။ စင် ဟုခေါ်သည့် ချိန်ခွင်တစ်မျိုးကိုလည်း အသုံးပြုကြသေးသည်။ ထို စင် ချိန်ခွင်၏ တဖက်တွင် ပုံသေ အလေးတစ်ခု ဆွဲချိတ်ထားသည်။ ချိန်ခွင်ခွက်ရှိသောဖက်မှ ဘောင်တန်းမှာ ပုံသေဖြစ်ပြီး အလေးရှိသောဖက်မှ ဘောင်တန်းမှာ ပိုမိုရှည်လျားကာ အလေးအတွက် ဂဏန်းမှတ်ကွက်များ ရှိသည်။ အလေးချိန်ငယ်လျှင် ယင်းအလေးကို ချိန်ခွင်လျှာအနီးသို့ ရွှေ့ပေးရသည်။ အလေးချိန်များလျှင် ဝေးရာအမှတ်များသို့ ရွှေ့ပေးသွားရသည်။ စင်ချိန်ခွင်တွင် ပိဿာ၊ အခွဲ၊ အဝက်ဟူ၍ အချိန် လေးမျိုးလောက်သာ ချိန်နိုင်ပြီး မှန်ကန်တိကျမှု မရှိချေ။ ကြီးမားသော တောင်းကြီး၊ ပုတ်ကြီးများကို ချိန်ရန်အတွက် စင် ချိန်ခွင်ကြီးများလည်း ရှိသည်။

အရှည်အလျား တိုင်းရာတွင် မြန်မာကဲ့သို့ လက်မမှစပြီး လက်တလံအထိ တိုင်းထွာသည်။ တိုင်းထွာပုံမှာ -

တစ်လက်မ = နုနိုင်
တစ်မိုက် = ကမ်တန်
တစ်ညို = စွမ်နိုင်
တစ်ထွာ = စုပ်နိုင်
တောင်ဆုပ် = ဆောင်ကမ်
တစ်တောင် = ဆောက်နိုင်
နှစ်တောင် = ဆောင်ဆော
လေးတောင် = ဝါးနိုင်

မြေဧရိယာစတုရန်း တိုင်းရာတွင် အလံ ၁၀ ပတ်သည်ကို လေ့နိုင် ဟုခေါ်သည်။ အလံ ၄၀ ပတ်လည်ကို တွန်နိုင်ဟု ခေါ်သည်။ အရှည် အလျားတိုင်းရာတွင် ဆပ်လန့်ဟု အခေါ်တစ်မျိုးလည်း ရှိသေးသည်။ ထိုအတိုင်းအတာမှာ ဘယ်ခြေရာ လက်တဆန့် သို့မဟုတ် ယာခြေ ဘယ်လက်တဆန့် အတိုင်းအတာကို ဆိုလိုသည်။

လုံးပတ်တိုင်းရာတွင်လည်းကောင်း၊ ဒုထည်တိုင်းရာတွင်လည်းကောင်း တစ်ထွာ၊ တစ်ညိုစသည်ဖြင့် တိုင်းကြသည်။ ချောင်း၊ မြောင်း၊ ရေကန်စသော အနက်ကို တိုင်းရာတွင် လူ၏ အရပ်နှင့်တိုင်းတာကြသည်။

19.6.16

ရှမ်းအမျိုးသားတို့ဖြစ်ပေါ်လာပုံ (ရှေးရိုးအစဉ်အလာ)

ရှမ်းအမျိုးသားများက မိမိတို့သည် ကမ္ဘာဦး အစကပင် ရှိနေပြီးသော လူမျိုးများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ရှမ်းဆိုသော စကားလုံးသည် ပါဠိစကားမှ သက်ဆင်းလာသော ပါဠိပျက်စကား ဖြစ်သည်ဟု အဆိုရှိသည်။

ရှမ်းအမျိုးသားတို့က မိမိတို့ကိုယ်ကို မိမိတို့ တိုင်း ဟု ခေါ်သည်။ တိုင်း အဓိပ္ပာယ်မှာ တောက်ပခြင်း ဖြစ်သည်။ ရှမ်းရှမ်းဆောက်ပသည်။ မီးခိုးမီးလျှံ (ရှမ်း) စသော စကားများတွင် ရှမ်းစကားလုံးမှာ တောက်ပခြင်း ပြည့်ဝခြင်း သဘောအဓိပ္ပာယ်ကို ဆောင်သည်။

ရှမ်းပြည်ကို မိန်းတိုင်း၊ ရှမ်းလူမျိုးကို ကွန်းတိုင်း၊ ရှမ်းစကားကို ကွမ်းတိုင်းဟု ရှမ်းဘာသာဖြင့် ခေါ်သည်။

မြန်မာစာပေ၊ မြန်မာသမိုင်းများတွင်း ရှမ်းမျိုးအစ မိုင်းမောက ဟူ၍လည်းကောင်း၊ ရှမ်းမင်းအစ ဘိန္ဒက ဟူ၍လည်းကောင်း ဆိုရိုးလင်္ကာများ ရှိခဲ့သည်။

မောဟူသော စကားမှာ မင်းဟူ၍ အဓိပ္ပာယ်ရသည်။ ရွှေလီမြစ်ကို ရှမ်းအခေါ်ဖြင့် နမ့်မောင်းဟု ခေါ်သည်။ ရှေးအခါက ရွှေလီမြစ်ဝှမ်းတစ်လျှောက်တွင် ရှမ်းကိုးပြည်ထောင် တည်ထောင်နေထိုင်ရာမှ ရှမ်းဒေသကို ရွှေလီမြစ်အား အစွဲပြု၍ မောကိုးပြည် (မောင်းကိုးပြည်) ဟုခေါ်ကြသည်။

မြန်မာသမိုင်းများတွင် မိုင်းမော ပြည်ကြီးအား အနောက်မဇ္ဈိတိုင်းသား သကျသာကီဝင်မင်းမျိုး ဘိန္ဒကရာဇာ မင်းကြီးက စတင် တည်ထောင်ခဲ့သည်။ ယင်း၏ သားစဉ်မြေးဆက်များ ပြန့်ပွားသွားပြီး ပြည်ပေါင်းကိုးပြည်ထောင်နှင့် အရံမြို့ပေါင်း ၉၉ မြို့သော ကိုးပြည်ထောင်စုကြီးကို တည်ထောင်ကြသည်ဟု ပါရှိသည်။

ရှမ်းရိုးရာစကားအရဆိုသော် သကျသာကီဝင် မင်းမျိုးအနွယ်ဖြစ်သော ခွန်လူးမင်းခေါ် မင်းတပါးက မိုင်းကောပြည်ကြီးကို စတင် တည်ထောင်အုပ်စိုးသည်ဟု ဆိုသည်။

ထိုမင်းပေါက်ဖွားသော မင်းဆက်များသည် အောက်ပါမြို့ကြီး ကိုးမြို့နှင့် အရံမြို့များတွင် မင်းပြုခဲ့ကြသည် ဆို၏။


ရှမ်းပြည်နယ် နယ်နမိတ်

ရှမ်းပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဖက်သို့ ထိုးထွက်နေသော အစိတ်အပိုင်း ဖြစ်သည်။ လတ္တီတွတ်အားဖြင့် ရှမ်းပြည်နယ်တွင် တောင်ဖက်အကျဆုံးဖြစ်သော မိုးဗြဲနယ်၏ တောင်ဖက်ဆုံးပိုင်းသည် မြောက်လတ္တီတွဒ် ၁၉ံ ၂၈' ခန့်ရှိ၍ မြောက်ဖက်တွင် မြောက်ဖက်အကျဆုံး မိုးမိတ်နယ်၊ သိန္နီနယ်နှင့် ကိုးကန့်နယ် မြောက်ဖျားပိုင်းများသည် မြောက်လတ္တီတွဒ် ၂၄ံ ၉' ခန့်တွင် ရှိသည်။ လောင်ဂျီတွဒ်မျဉ်းအရဆိုသော အရှေ့လောင်ဂျီတွဒ် ၉၆ံ ၁၅' မှ ၁၀၁ံ ၁၃' ကြားတွင် တည်ရှိသည်။ မြောက်ယဉ်စွန်းတန်းသည် ရှမ်းပြည်နယ်၏ မြောက်ဖက်ဆုံးနယ်များဖြစ်သော ကိုးကန့်နယ်၊ သိန္နီနယ်နှင့် မိုးမိတ်နယ်များကို ဖြတ်သွားသည်။
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဖက်ဆုံးပြည်နယ်ဖြစ်၍ အခြားနိုင်ငံများနှင့် ထိစပ်နေသည်။ အရှေ့မြောက်ဖက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ၍ အရှေ့တောင်ဖက်နှင့် တောင်ဖက်တွင် လောနိုင်ငံနှင့် ထိုင်းနိုင်ငံများ အသီးသီးရှိကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ရှမ်းပြည်နှင့် ထိစပ်နေသော ပြည်နယ်များနှင့် တိုင်းများမှာ မြောက်ဖက်တွင် ကချင်ပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း၊ တောင်ဖက်တွင် ကယားပြည်နယ်များ အသီးသီးရှိကြသည်။
ရှမ်းပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြည်နယ်များတွင် အကြီးဆုံး ပြည်နယ်ဖြစ်၍ ဧရိယာ စတုရန်းမိုင်ပေါင်း ၆၁၀၉၀ ရှိသည်။ ရှမ်းပြည်နယ်၏ ပုံပန်းသဏ္ဍန်မှာ ကြိဂံပုံဖြစ်၍ အောက်ခြေမှာ အနောက်ဖက်တွင်ရှိကာ ထိပ်ချွန်မှာ အရှေ့ဖက်တွင် ရှိသည်။
{ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ }
 

17.6.16

ရှမ်းပြည်နယ်၏မြေမျက်နှာပြင်

ရှမ်းပြည်နယ် တည်ရှိသော ကုန်းပြင်မြင့်သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ရှေးအကျဆုံး ကုန်းမြေစိုင်ဖြစ်သည်။ ဤဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၁၀၀၀ (ကမ်ဘာရီယန်ခေတ် မတိုင်မီ) ကပင် ကုန်းဖြစ်နေသည်ဟု သိရသည်။ သို့ရာတွင် နောက်ပိုင်း ဘူမိဗေဒခေတ်များ၏ ပို့ချမှုများကိုလည်း အစဉ်အဆက် တွေ့ရသည်။ ဤကဲ့သို့ဖြစ်ရသည်မှာ ကုန်းဖြစ်ပြီးသော ဤဒေသအတွင်း ပင်လယ်ရေတစ်ကြိမ်မက ဝင်ရောက်ခဲ့သောကြောင့်ဖြစ်သည်။ အလယ်ကပ် (Mesozoic Era) အဆုံးလောက်တွင်မူ ပင်လယ်ရေသည် ရှမ်းပြည်မှ ဆုတ်ခွာသွားပြီးဖြစ်၍ ရှမ်းကုန်းပြင်မြင့် အနောက်ဖက်စွန်းသည် ထိုအချိန်က ပင်လယ်ကမ်းရိုးတန်း ဖြစ်ဟန်ရှိသည်။ ကုန်းမြေဖြစ်ပြီးမှ ပြင်းထန်သော မြေလွှာလှုပ်ရှားမှုများ ရှိခဲ့၍ အချို့နေရာတွင် ကျောက်လွှာများ ကွဲပြတ်ကျွံကျနေသော လွှာကျွံချိုင့်ဝှမ်းများတလျှောက် စီးဆင်းနေသည်ကို တွေ့ရသည်။ ပြင်းထန်သော လှုပ်ရှားမှုများကြောင့်ပင် အချို့ကျောက်များတွင် အသွင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်ရာ စကျင်ကျောက်ကဲ့သို့သော ထုံးကျောက်နုများ ပေါ်လာသည်။
ရှမ်းပြည်နယ်တွင် ဘူမိဗေဒခေတ် အချိန်က ရေအိုင်များ အတော်အတန် များပြားခဲ့ဟန်ရှိသည်။ အချို့သောအိုင်များမှာ ထုံးကျောက်များ ပျော်ဝင်သွားရာမှ ဖြစ်ပေါ်လာသော အိုင်များဖြစ်သည်။ ယခုထက်တိုင် ကျန်ရှိနေသေးသော ရေအိုင်မှာ အင်းလေးရေအိုင် ဖြစ်သည်။ ယခုအခါ မြေနိမ့်လွင်ပြင်များ ဖြစ်နေပြီဖြစ်သော သိန္နီလွင်ပြင်၊ ကျောက်မဲလွင်ပြင်၊ သီပေါလွင်ပြင်၊ ဟဲဟိုးလွင်ပြင်၊ ကျိုင်းတုံလွင်ပြင်များမှာ တစ်ကြိမ်က ရေအိုင်နေရာဟောင်းများ ဖြစ်ကြသည်။
ရှမ်းပြည်နယ်၏ ယေဘုယျ အမြင့်မှ ၃၀၀၀ နှင့် ၄၀၀၀ ပေကြားတွင် ရှိသည်။ သို့သော် အချို့တောင်တန်းများမှာ ၅၀၀၀ မှ ၇,၅၀၀ ပေ ထိအောင် မြင့်သည်။ တောင်ထွတ်များမှာမူ ထိုထက်မက ပို၍မြင့်ကြသည်။ တောင်တန်းများသည် အများအားဖြင့် တောင်နှင့်မြောက် သွယ်တန်းနေကြသည်။ သို့ရာတွင်အနောက်မြောက်ပိုင်းရှိ တောင်တန်းများသည် ယေဘုယျ တောင်ကြောမှ သွေဖည်လျက်ရှိသည်။ သိန္နီနယ်အနောက်ပိုင်းရှိ လွိုင်လွန် တောင်တန်းမှာ အရှေ့မြောက် အနောက်တောင် တန်းလျက်ရှိပြီး နမ့်ဆမ် (တောင်ပိုင်နယ်) နှင့် မိုးကုတ်ကြားရှိ တောင်တန်းမှာမူ အရှေ့အနောက် တန်းလျက်ရှိသည်။ တောင်တန်းများ ကြားတွင် လွှာကျွှံ ချိုင်ဝှမ်းများရှိတတ်၍ ထိုချိုင့်ဝှမ်းများ တလျှောက်တွင် မြစ်များစီဆင်းလျက်ရှိသည်။ မြစ်များသည်လည်း တောင်တန်းများနှင့် မျဉ်းပြိုင်မြောက်မှတောင်သို့ အများအားဖြင့် စီးဆင်းသည်။
ဤဒေသ၏ အထင်ရှားဆုံးမြစ်မှာ သံလွင်မြစ်ဖြစ်သည်။ သံလွင်မြစ်သည် အလျား အလွန်ရှည်၍ မြစ်ဝှမ်း ကျဉ်းသောမြစ်ဖြစ်သည်။ ယင်းမြစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်ပိုင်းရှိ တိဗက်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံ၍ အိန္ဒိယသမုဒ္ဒရာ၏ တစိတ်တဒေသဖြစ်သော မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သည်။ ထိုမြစ်သည် မြန်မာပြည်တွင်းသို့ ကိုးကန့်နယ် မြောက်ဖျားမှ စတင်စီးဝင်းလာသည်။ ယင်းမြစ်ကို မြန်မာများက သံလွင်ဟု ခေါ်၍ရှမ်းများက နမ့်ခေါင်ဟုခေါ်သည်။ သံလွင်မြစ်သည် တောင်ကုန်း ထူထပ်သော အပိုင်းကို နက်ရှိုင်းစွာ တိုက်စားစီးဆင်းလာ၍ မြစ်ဝှမ်းမှာ ကျဉ်းမြောင်း နက်ရှိုင်းသည်။ ထို့ကြောင့် သံလွင်မြစ် ဖြတ်စီးရာတလျှောက်တွင် နက်ရှိုင်းသော ချောက်ကမ်းပါးများကို တွေ့ရသည်။
မြစ်ဖြတ်စီးရာတလျှောက်တွင် ကျောက်ဆောင်လည်း အလွန်ထူထပ်၍ ရေစီးမှာလည်း အလွန်မြန်သည်။ မြစ်ဝှမ်းနက်ရှိုင်းခြင်းကြောင့် ရေပြင် အတက်အကျလည်း အလွန်များသည်။ ထိုကဲ့သို့ ရေစီးမြန်ခြင်း၊ ရေပြင်အတက်အကျများခြင်း၊ ရေတံခွန်များ၊ ရေမှော်များရှိခြင်းကြောင့် သံလွင်မြစ်သည် ရေကြောင်းခရီးသွားလာရေးအတွက် သော်လည်းကောင်း၊ ရေသွင်း စိုက်ပျိုးရေးအတွက် သော်လည်းကောင်း အသုံးမ၀င်ပေ။ သို့ရာတွင် လျှပ်စစ်အား ထုတ်ယူရန်အတွက်မူ အသုံးချကရနိုင်စရာ ရှိသည်။
ရှမ်းပြည်မနယ်အတွင်း သံလွင်မြစ်၏ ထင်ရှားသော မြစ်လက်တက်များမှာ အရှေ့ဖက်တွင် မြောက်မှ စသော် နမ့်တင်းဟိုနှင့် နမ့်ခတို့ ရှိကြ၍ အနောက်ဖက်တွင် နမ့်ပန်နှင့် နမ့်တန်တို့ ရှိကြသည်။ ဘီလူးချောင်းသည်လည်း သံလွင်မြစ်၏ မြစ်လက်တက် တခုဖြစ်သော နမ့်ပွန် မြစ်ထဲသိစီးဝင်သည်။ မြစ်လက်တက်များအနက် အရှေ့ဖက်မှ စီးဝင်သော မြစ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံ၍ စီးလာကြခြင်းဖြစ်သည်။
သံလွင်မြစ်အပြင် အခြားထင်ရှားသော မြစ်များမှာ ဧရာဝတီ၏ လက်တက်များဖြစ်ကြသော ရွှေလီ၊ ဒုဋ္ဌဝတီ ခေါ် နမ္မတူမြစ်များနှင့် မဲခေါင်း၏ မြစ်လက်တက်နမ့်လွယ်တို့ ဖြစ်ကြသည်။ ရွှေလီမြစ်သည် ယူနန်နယ်တွင် မြစ်ဖျားခံ၍ မိုးမိတ်နယ်ကို ဖြတ်စီးသည်။ ဒုဋ္ဌဝတီခေါ် နမ္မတူမြစ်အောက်ပိုင်းကို မြစ်ငယ်မြစ်ဟုခေါ်၍ ထိုမြစ်သည် စစ်ကိုင်းမြို့၏ တဖက်ကမ်းတွင် ဧရာဝတီတွင်းသို့စီးဝင်သည်။ မြစ်ငယ်၏ အရေးကြီးသော လက်တက်တခု ဖြစ်သည့် ဇော်ဂျီမြစ်မှာလည်း ပင်းတယနှင့် ရပ်စောက်နယ်များတွင် မြစ်ဖျားခံ၍ စီးဆင်းသည်။ နမ့်လွယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်နယ်မှ မြစ်ဖျားခံ၍ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနယ်ကို ဖြစ်ကာ လောနှင့်ပြည်ထောင်စု မြန်မာနိုင်ငံအကြား နယ်နိမိတ် ဖြစ်သော မဲခေါင်မြစ်တွင်းသို့ စီးဝင်သည်။
.:: တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံများ မှ ::.