26.11.13

မင်းခိုက်စိုးစံ

ဆယ့်နှစ်ကြိုးကဝေအတတ်တွေနဲ့
(ငါ့ရင်ထဲက) မီးခတ်တဲ့စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်းပြုစားတတ်တဲ့ရွာသူရေ
ရင်ခုန်သံတွေကိုပဲ ခေါစာပစ်လိုက်တယ်
သခင်မ
ပျော်ပါ၊ ပါးပါ၊ စားပါ၊ သောက်ပါ….
မရိုမသေတမ်းတမိတဲ့
ဟောဒီကအမိုက်အမဲကိုလည်း
အပြစ်ကလွှတ်တော်မူပါ
မီးတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ
တရားဝင်စစ်ကြေငြာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူးဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့်ပြုတော်မူပါ….
မင်းခိုက်စိုးစံ

21.11.13

မြတ်ဝေ ကဗျာတို ၂ ပုဒ်

ဆောင်း

ဟောဒီမှာ
နေ့စဉ်ရက်ဆက်ဒီဇင်ဘာ
မိုးနှင်းတွေ တညီးညီးကျ
လောကဓံကြီး ငါ့မှာ
တစ်ထည်တည်းသော ညီမလေးဝတ်ထားတာတောင်
တခိုက်ခိုက်...တုန်။
                            မြတ်ဝေ၊၂၀၀၅

သိခြင်းမကောင်းသော ကမ္ဘာ

ငါသိတယ် ငါတတ်တယ် ငါလုပ်နေတယ်ကွ
သစ်သားဆိုတာ သစ်ပင်ကလာတာ
မျှစ်ဆိုတာ ချဉ်အောင်လုပ်ပြီး ၀က်သားနဲ့ရောတာ
တူကိုင်တတ်ခြင်းဟာ ခေတ်ပေါ်အရသာ
လူတွေသိတဲ့ အဓိပ္ပာယ်ထဲက ခွဲထွက်ပြီး
ငါသိတယ် ငါအရသာရှိတယ် ငါ စတိုင်မိတယ်
ဟေး ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့
ဒါကြောင့် ငါရှိတယ်။                ။
                                                         ၁၇.၈.၂၀၁၀
                                                        မြတ်ဝေ

ဒေါင်းနွယ်ဆွေ


အားမာန်သစ်

ပန်းဖူးနွယ်ညွှန့်
မလွန့်သာအောင်
ကျောက်တောင်နှင့်ဖိ
သတ်လေဘိလည်း
ဘူမိမြေမှ
အမြစ်ကြွ၍
မိုးဝတိုင်ရောက်
တိုးဝင်ဖောက်သည်
အို . . . ကျောက်တောင်ကြီး
သင်သာရှက်ဖွယ်လိလိတည်း။           ။
    
ဒေါင်းနွယ်ဆွေ
မြရွက်လှေ ကဗျာများ  ကဗျာစာအုပ်မှ



                                                                         
                                                                           

19.11.13

ရင်ကွဲကဗျာ

ကြေကွဲခြင်းရဲ့မျိုးစေ့တွေမှန်းသိရက်နဲ့
နှလုံးသားမြေတွေမှာ ပျိုးကြဲခဲ့ကြ
အစကတည်းက မှားခဲ့ကြတာပါ ချစ် ရယ်..။

နီးစပ်ခွင့်ဆိုတာ
ငါတို့မျှော်လင့်ခွင့်မရှိတဲ့အရာပဲ။

“မဖြစ်နိုင်ဘူး”လို့
ငါတို့ နှုတ်ခမ်းတွေကတဖွဖွညဉ်းတွားနေတာ
နှလုံးသားလေးတွေမှ မကြားခဲ့ပဲကွယ်။

သံယောဇဉ်ဆိုတာ
ခူးခြွေခွင့်မရှိပဲနဲ့ပျိုးမိကြရင်
ဥယျာဉ်မှုးတွေရဲ့ရင်ကိုအဆိပ်ပြန်သင့်စေတဲ့
ကျိန်စာဖွဲ့ပန်းပွင့်လေးပဲလေ။

ခုတော့
နှလုံးသားလေးနှစ်ခုစလုံး
အဆိပ်တွေဖုံးလွှမ်းပြီးကွဲကြေရပြီ….။

ချစ်ရေ..
ငါတို့တွေ မချစ်ခဲ့သင့်ဘူး…။

တစ်နေနေ့
ဒီလိုခွဲခွာချိန်ကိုတွေ့ရမယ်ဆိုတာ
ကြိုသိနေရက်နဲ့
နှလုံးသားလေးတွေရဲ့ခံနိုင်ရည်ကိုမှမငဲ့
ငါတို့ သိပ် မှား ခဲ့ကြတယ်။

ကွယ်…………
မျက်လုံးလေးတွေမှိတ်
ရည်ရွယ်ဖူးခဲ့တဲ့
တို့ရဲ့အနာဂတ်လေးကို
အတိတ်နံရံပေါ်မှာပဲ ဆွဲချိတ်ထားခဲ့ရင်း
မျက်ရည်တွေခင်းမယ့်လမ်းမှာ
နှုတ်ဆက်လိုက်ကြပါစို့ ………..။

ငါမြတ်နိုးတဲ့ပန်းလေး
သက်ဆိုင်သူတခြားရင်ခွင်မှာပဲ
နွေးနွေးထွေးထွေးပွင့်လန်းပါစေ
ငါက
နင့်ရဲ့သက်ဆိုင်ခွင့်မရသူအဖြစ်
ကံ ကြမ္မာရိုင်းကညစ်တယ်…။

သံယောဇဉ်တွေနဲ့လမ်းခွဲတစ်ခုပါကွယ်
နာနာကျင်ကျင်ဆွဲလိုက်တဲ့ဥသြသံတွေက
နှလုံးသားလေးနှစ်ခုဆီကလာတယ်
မျက်ရည်စက်တွေ တဂျုန်းဂျုန်းခုတ်မောင်းသွားပြီးတဲ့နောက်
အားလုံးကို 
ဒီဘူတာလေးမှာပဲထားခဲ့လိုက်ကြရတော့မယ်…။

မိုးပွင့်လေးတွေကြားကအချစ်များ
မိုးရေတွေထဲမှာပဲ စီးမျောသွားတော့မယ်။

မိုးပွင့်တွေကြားမှာ ရယ်ခဲ့ကြဖူးတယ်
မိုးစက်တွေအောက်မှာပဲငိုရဦးမယ်။

မျက်တောင်အတုတွေနဲ့ နင် ငိုပေမယ့်
မျက်ရည်အစစ်တွေဆိုတာ
ငါ့ ဘယ်ဘက်ရင်အုံက အိပ်ကပ်လေးသိပါတယ် ချစ်ရယ်…။

ညနေခင်းတွေလည်း ဆောင်းဆန်လာပြီ
ငါ့ ရင်ထဲမှာတော့
မိုးရာသီလေးပါပဲ…။

နှင်းဖွဲဖွဲလေးတွေကျနေတာတောင်
မိုးစက်တွေအထင်နဲ့
နင်ပေးတဲ့ထီးလေးကို ထုတ်ထုတ်ဆောင်းနေမိဆဲ
အစွဲလန်းကြီးတတ်တယ်ဆိုတာ
ဝဋ်ကြွေးတစ်ခုပဲဖြစ်တယ်။

ခုတော့
အားလုံးပြီးဆုံးသွားပါပေါ့..။

ဆုပ်ကိုင်ထားခဲ့သမျှ
အားလုံးကို လွှတ်ချလိုက်ကြရပြီ..။

တစ်စုံတစ်ခုကျကွဲသွားတဲ့အသံတွေကြားလိုက်ရမယ်
ဒါ…
ချစ်နဲ့မောင်ရဲ့ နှလုံးသားလေးတွေ……..။

ကျေနပ်စွာ
အော် ဟစ်ပြီး သာရယ်လိုက်ပါတော့
ကံကြ မ္မာရိုင်းရယ်…။   

18.11.13

ယုံလွယ်သူသို့ ပေးတဲ့လက်ဆောင်များ


အိပ်မက်တွေ ပျံသန်းခွင့်မရသေးဘူး
အတိတ်တိုင်းသာ ရှင်သန်ပေါက်ဖွားလာမယ်ဆို
ရောင်ပြန်အလွမ်းတွေ အစားသွင်းစရာလိုမယ်မထင်
ရှင်သန်ရာ လမ်းအတွက်
ရှေ့ကိုချီတက်ဖို့
လမ်းတွေပွင့်သွားမှာပါလေ....။
နောင်တမရချင်ဘူး
သိပ်ခါးတဲ့ နောင်တအိပ်ရာမှာ
ဘယ်သူမှ မအိပ်ချင်ဘူး
အရိပ်နဲ့အတိတ်က
ဝိုးတ၀ါးအလွမ်းတွေလို
မရေရာပါဘူး
မလွမ်းလိုက်လေနဲ့
ပြီးသွားမှာပါ စကားတစ်လုံးလောက်သာ
အပိုင်ရမယ်ဆိုတာ
သတိအမှတ်နဲ့ အရှိအတိုင်းရပ်တည်ရမှာ
အမှန်တရားတစ်ရပ်ပါ
ကံတရားကိုသာ ပုံမအပ်သင့်ပါ
လွင့်မောအိပ်မက်အပိုင်းတိုင်းမှာ
မင်းနဲ့ငါ အမြဲရှိမနေပါဘူး
မင်းကွယ် ငါပျောက်
တောမှောက်ကြဦးမှာပါ.....။

Poem

စိုးစိတ်
တစ်ကယ်တော့် အချစ်ဆိုတာ
ရိုလာကိုစတာ စီးရသလိုပါပဲလား
ဘယ်သူမှ အတင်းအကြပ်
မစီးစေပါပဲ
တက်စီးဖြစ်သလို
ပြုတ်မကျလောက်ပါဘူး
တွေးထားပေမယ့်လဲ
ကြောက်နေတတ်ပြန်ရော
ကိုယ်ကိုင်ထားတဲ့ လက်တန်း
ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ
ဟုတ်ပါတယ်
အချစ်ကို 
ဘယ်သူမှ ချစ်ပါ အတင်းအကြပ်မပြောပေမယ့်
ချစ်မိတတ်ကြပါတယ်
ကိုယ်ချစ်တဲ့ချစ်သူကလဲ 
ကိုယ့်ကိုပြန်ချစ်နေပါတယ်တွေးပေမယ့်
ကြောက်စိတ်တော့် ဖြစ်နေတတ်ပြန်ရော
ဘယ်လောက်ပဲ သစ္စာတွေရှိရှိ
တစ်ချိန်ချိန်မှာ တစ်ချို့ချို့ကြောင့်ဆိုပြီး
စိတ်ပူနေတတ်ပြန်ရော
ကိုယ်ချစ်တဲ့ချစ်သူက
ကိုယ့်ကို ဘယ်သောအချိန်ထိ ချစ်နေနိုင်ပါ့မလဲလို့
မဆုံးဖြတ်နိုင်ပါဘူးလေ
ဒါပေမယ့်
သေချာပါတယ်
နောက်ထပ်လဲ ရိုလာကိုစတာကို မစီးတော့်ဘူးလို့
ဘယ်တော့မှ မတွေးမှာကိုပေါ့



13.11.13

ခွဲခွါချိန်-မင်းခိုက်စိုးစံ




နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်…
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး…။
သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ… တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ…ဖြစ်…လို့…ခွဲ…ရ…မှာ…လဲ…ကွယ်”
မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘဝကို… ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်…။
အခုတော့…။
နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း…သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။
                                                                  မင်းခိုက်စိုးစန်