ခလုတ်များနှိပ်၍ အသုံးပြုရသည့် ခေတ်ဦးမိုဘိုင်းဖုန်းများမှ ယနေ့ခေတ် Touchscreen စမတ်ဖုန်းများထိ နည်းပညာပိုင်း အဆင့်ဆင့် တိုးတက်လာသလို မိုဘိုင်းဖုန်းများ၏ အသုံးတွင်ကျယ်မှုသည်လည်း တစ်ကမ္ဘာလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့ခဲ့သည်။
အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ် အချို့ကမူ မိုဘိုင်းဖုန်းကို လိုအပ်ချက်အတွက် အသုံးပြုရန်သာ မကဘဲ အဆောင်အယောင် တစ်ခုအနေဖြင့်ပါ ကိုင်ဆောင်ရန် ဆန္ဒရှိလာသည်။ ယင်းဆန္ဒကို နာမည်ကျော် လက်ဝတ်ရတနာ လုပ်ငန်းများ၊ ဖက်ရှင်လုပ်ငန်းများက လက်တွေ့ဖြည့်ဆည်းပေးလိုက်သည့်အခါ သာမန်လူများ လက်လှမ်းမမီနိုင်လောက်အောင် တန်ဖိုးမြင့်မားသည့် မိုဘိုင်းဖုန်းများ ဖြစ်လာသည်။
မိုဘိုင်းဖုန်း ယဉ်ကျေးမှု တစ်စထက်တစ်စ တွင်ကျယ်လာသည့် ကာလတစ်လျှောက် ဒီဇိုင်းပိုင်း ပံ့ပိုးအားဖြည့်မှုများဖြင့် ဖန်တီးခဲ့သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဖုန်း(၁၀)မျိုးကို စုစည်းဖော်ပြအပ်ပါသည်။
၁။ iPhone Diamond Rose Edition (ဒေါ်လာ ၈ သန်း)
Rose Goldခေါ် ပန်းရောင်ဘက်ယိမ်းသည့် ရွှေနှင့်ကြေးနီ သတ္တုစပ်ကို အသုံးပြုပြီး ကိုယ်ထည်ကို တည်ဆောက်ထားသည်။
ဖုန်း၏ ဘေးဘက်ဘောင်တွင် စိန်ပွင့်ပေါင်း (၅၀၀)မျှကို မြှုပ်နှံတပ်ဆင်ထားပြီး ဖုန်းနောက်ဘက်ရှိ Apple တံဆိပ်ပေါ်တွင်ပင် စိန်(၅၃)ပွင့်ဖြင့် ထည့်သွင်း အလှဆင်ထားသည်။
Home Button၏ အလယ်တည့်တည့်တွင် (၇.၄)ကရက် ပန်းရောင်စိန်ပွင့်ကြီးကို တပ်ဆင်ထားပြီး ယင်း၏ ဘေးဘက်တွင် စုစုပေါင်း (၈)ကာရက် အလေးချိန်ရှိ စိန်ဖြူပွင့်များဖြင့် ဝန်းရံထားသည်။
၂။ Goldsticker iPhone 3G Supreme (ဒေါ်လာ ၃.၂)သန်း
ဒီဇိုင်နာ စတူးဝပ်ဟုဂ်ျစ်၏ ဖုန်းတွင် ကိုယ်ထည်ကို (၂၇၁)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ်ထားပြီး စိန်ပွင့်(၅၃)ပွင့်ကို အနားသတ် တပ်ဆင်ထားသည်။
Home Button နေရာတွင် မြှုပ်ထားသည့် အရည်အသွေးမြင့် စိန်ပွင့်ကြီးမှာ (၇.၁)ကရက် အလေးချိန်ရှိပြီး လုံးဝန်းသေသပ်စွာ သွေးထားခြင်း ဖြစ်သည်။
၃။ King’s Button iPhone 3G (ဒေါ်လာ ၂.၄ သန်း)
ယခုဖုန်းသည်လည်း အေလွိုက်စ်ဆန်၏ ဖန်တီးမှုပင်ဖြစ်ပြီး လက်ရာမြောက်စွာ သွေးထားသည့် စိန်(၁၃၈)ပွင့်ကို ဘောင်အနားသတ်တွင် ဝန်းရံ တပ်ဆင်ထားသည်။
ဖုန်း၏ Home Button နေရာတွင် (၆.၆)ကရက်ရှိ စိန်ဖြူပွင့်ကြီးကို မြှုပ်နှံထားသည်။ ဖုန်း၏ ရှေ့ဘက် စိန်ပွင့်များ စီခြယ်ထားသည့် လိုင်းတစ်လျှောက်ကိုလည်း ရွှေသားဖြင့် ပြန်၍ ကွပ်ကာ ဒီဇိုင်းဖော်ထားသည်။
၎။ JSC Ancort’s Diamond Crypto (ဒေါ်လာ ၁.၃ သန်း)
ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း (၁၀)လုံးစာရင်းတွင် တတိယမြောက် ပါဝင်လာသည့် အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။
ဖုန်း၏ ရှေ့ဘက် ဘေးဘောင်များတွင် စိန်ပွင့်(၅၀)ကို ထည့်သွင်းမြှုပ်နှံထားသည်။ အဆိုပါ စိန်ပွင့်များအနက် အပေါ်ဆုံး အပိုင်းမှ (၁၀)ပွင့်သည် ရှားပါးသည့် စိန်ပြာများ ဖြစ်ကြသည်။
ဖုန်း၏ ကိုယ်ထည်တွင် ရွှေဖြင့်ကွပ်ထားသည့် အစိတ်အပိုင်းများလည်း ပါဝင်ပြီး ထုတ်လုပ်ရောင်းချစဉ်က အဆင့်အမြင့်ဆုံး လုံခြုံရေး စနစ်များကိုပါ Ancortက ထည့်သွင်းပေးထားသည်။
၅။ Goldvish Le Million (ဒေါ်လာ ၁.၂ သန်း)
တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် လက်ပတ်နာရီများကို ဒီဇိုင်းထုတ်ရာတွင် အလွန်နာမည်ကြီးသည့် အီမန်နျူရယ်လ် ဂူယတ်က ရွှေဖြူသားဖြင့် ယခုဖုန်း၏ ကိုယ်ထည်ကို သွန်းလုပ်ခဲ့သည်။
ထို့အပြင် (၂၀)ကရက်စာ WS1 စိန်ပွင့်များဖြင့် စီခြယ်အလှဆင်ထားသည်။ ဆွစ်ဇာလန်တွင် စတင်ပြသစဉ် (၂၀၀၆)ခုနှစ်၊ စက်တင်ဘာလက ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စာအုပ်အတွင်း၌ ကမ္ဘာ့တန်ဖိုး အကြီးဆုံး မိုဘိုင်းလ်ဖုန်းအဖြစ် အသိအမှတ်ပြု ဖော်ပြခံခဲ့ရဖူးသည်။
အဆိုပါဖုန်းကို ကိန်းစ်မြို့တွင် ကျင်းပသည့် သန်းကြွယ်သူဌေးများ ဈေးပွဲတော်တွင် ဒေါ်လာ (၁.၂)သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
၆။ Gresso Luxor Las Vegas Jackpot (ဒေါ်လာ ၁ သန်း)
မိုဘိုင်းလ်ဖုန်း တစ်လုံးအတွက် ပထမဆုံးအကြိမ် ဒေါ်လာသန်းနှင့်ချီ တန်ဖိုးမြင့်တက်စေသည့် မှတ်တိုင်ကို (၂၀၀၅)ခုနှစ်တွင် Gressoက စိုက်ထူခဲ့သည်။
ဆွစ်ဇာလန်တွင် စတင်ပြသ ရောင်းချခဲ့သော အဆိုပါဖုန်းသည် (၁၈၀)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ် ဖန်တီးထားပြီး နောက်ဘက်ပိုင်းတွင်မူ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး သစ်သားဖြင့် ကပ်ထားသည်။
အဆိုပါ သစ်သားကို အာဖရိက တောနက်ကြီးများထဲမှ နှစ်ပေါင်း(၂၀၀)ကျော် သက်တမ်းရှိ သစ်ပင်ကြီးများမှ ရရှိပြီး ရှားပါးတန်ဖိုးကြီးလှကြောင်း သိရသည်။
ဖုန်းကို အလှဆင်ရန်အတွက် ထိုကဲ့သို့ သစ်သားနှင့် ရွှေသားတို့ကိုသာမကဘဲ ခလုတ်များထဲတွင် နီလာကျောက်လေးများကိုပါ မြှုပ်နှံတပ်ဆင်ပေးထားသေးသည်။
၇။ Vertu Signature Cobra (ဒေါ်လာ ၃၁၀၀၀၀)
ပြင်သစ်မှ လက်ဝတ်ရတနာ လုပ်ငန်းကြီး တစ်ခုဖြစ်သော Boucheronက ဖန်တီးပြီး Limited Edition အဖြစ် စုစုပေါင်း ဖုန်း(၇)လုံးသာ ရောင်းချခဲ့သည်။
ဖုန်း၏ နံဘေးတွင် ကျောက်မျက်ရတနာ စီခြယ်ထားသည့် မြွေဟောက်ကြီးများ တွယ်ဆက်နေသည့်နှယ် အလှဆင်ထားပြီး အောက်ဘက်တွင် အဝိုင်းပုံ သွေးထားသည့် စိန်ပွင့်တစ်ပွင့်စီကို ချိတ်ဆွဲထားသည်။
မြွေဟောက်ပုံ၏ အရောင်ကွဲပြားမှုအလိုက် ပတ္တမြား၊ နီလာစသည့် ကျောက်များကို ရွေးချယ်အသုံးပြုထားပြီး စိန်ပွင့်ငယ်များကိုပါ အားဖြည့် အလှဆင်ပေးထားသည်။
၈။ Sony Ericsson Black Diamond (ဒေါ်လာ ၃၀၀၀၀၀)
ဒီဇိုင်နာ ဂျာရာဂေါက Polycarbonate မှန်သားကို အသုံးပြုပြီး အလှဆင် ဖန်တီးထားသည့် ဖုန်းတွင် အရည်အသွေး အလွန်ကောင်းသော စိန်ကြီးနှစ်ပွင့်ကို မြှုပ်နှံတပ်ဆင်ထားသည်။
ပထမစိန်ပွင့်မှာ Navigation Buttonပေါ်တွင်ဖြစ်ပြီး ကျန်တစ်လုံးကိုမူ ဖုန်း၏ နောက်ကျောဘက်တွင် နေရာချ အလှဆင်ထားသည်။
၉။ iPhone Princess Plus (ဒေါ်လာ ၁၇၆၀၀၀)
ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းလ်ဖုန်းများ၏ နံပါတ်(၉) နေရာမှ iPhoneကိုလည်း အေလွိုက်စ်ဆန်ကပင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဖုန်း၏ ကိုယ်ထည်ကို ရွှေသားစစ်စစ်ဖြင့် မှာယူခဲ့သည်။ ယင်းအပေါ်တွင် တောက်ပအရောင်တက်အောင် သွေးထားသည့် စိန်ပွင့်(၁၈၀)ပွင့် အပြင် အရွယ်အစား ပြောင်းလဲပြီး သွေးထားသည့် စိန်ပွင့်(၁၃၈)ပွင့်ကိုပါ ဖြည့်စွက်ပြီး လှပစွာ အနားသတ်ပေးထားသည်။
၁၀။ Peter Aloisson’s Nokia Arte (ဒေါ်လာ ၁၃၄၀၀၀)
တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းများအတွက် ဒီဇိုင်းရေးဆွဲပေးသည့် ဩစတြေးလျ ပညာရှင် ပီတာ အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။
Nokia၏ Arteဖုန်းလေးကို 3.15megapixel ကင်မရာ တပ်ဆင်ပြီး ရွှေသားကိုယ်ထည်ဖြင့် သီးသန့် မှာယူခဲ့သည်။
အဆိုပါ ဖုန်း၏ ကိုယ်ထည်ပေါ်တွင် ပန်းရောင်နှင့် အဖြူရောင် စိန်ပွင့်ပေါင်း (၆၈၀)ကို တပ်ဆင်ထားပြီး ဒေါ်လာ (၁၃၄၀၀၀)ထိ တန်ဖိုးကျသင့်ခဲ့သည်။
TopTeny
No comments:
Post a Comment