28.7.16

ရှမ်းရိုးရာစားသောက်စရာ

သူငယ်ချင်းတို့
ရှမ်းရိုးရာအစားအစာလေးတွေကို
စားဖူးကြရဲ့လား



















21.7.16

ရှမ်း (သျှမ်း) သမိုင်း နှင့် ရှမ်း (သျှမ်း) လူမျိုးအကြောင်းတစ်စေ့တစ်စောင်း

ရှမ်း လူမျိုး

ရှမ်းလူမျိုးများသည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်းလူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် နီးစပ်သည့် တရုတ်၊ ထိုင်းနယ်စပ်များတွင်လည်း ရှမ်းလူမျိုးများကို နည်းများမဆို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်သည့် ရှမ်းလူမျိုး ၆ သန်းခန့်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ။

ရှမ်းလူမျိုးတို့မှာ နန်ကျောက် (နန်ကျောင်းဟုလည်း အရေးအသားရှိ) အနွယ်ဝင်(ရှမ်း-တိုင်း Tai)များဖြစ်သည်။ အေဒီ ၉ရာစုအစဦးတွင် တရုတ်ထန်မင်းဆက်၏ တန်းခိုးထွားလာမှုအောက်တွင် နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါသွားခဲ့ရသည်။သို့သော် အလုံးစုံပျက်စီးသွားသည်ဟုမဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေနိုင်ခဲ့သေးသည်။ တရုတ်ပြည်ကို မွန်ဂို(တာတာ)တို့က ၁၁ ရာစုတွင်သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၄င်း ရှမ်း-တိုင်း တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလာဒ်အဖြစ်တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ် ပေါ်ထွက်လာကြသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော(မှုန်း)လူမျိုးများ အဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများ အဖြစ်လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။ သို့သော် ရှမ်းလူမျိုးများမှာလည်း ကချင်လူမျိုးများကဲ့သို့ပင် တောတောင်ထူထပ်သည့် ဒေသတွင် အခြေချခဲ့ကြသည့်အတွက် လူမျိုးစုငယ်အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာစကားတို့ပါ အနည်းငယ်စီကွဲပြားကြသည်။

ရှေးရှမ်းနယ်များ

ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလားမွေ့လျော် ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း ၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။

(ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။)

တောင်ပိုင်းရှမ်းပြည်နယ်များ

  • ကျိုင်းတုံနယ်၊
  • မိုးနဲနယ်၊
  • ညောင်ရွှေနယ်၊
  • ရပ်ဆောက်နယ်၊
  • လဲချားနယ်၊
  • မောက်မယ်နယ်၊
  • မိုင်းပန်နယ်၊
  • မိုင်းပွန်နယ်၊
  • စကားနယ်၊
  • နောင်မွယ်နယ်၊
  • မိုင်းနောက်၊
  • မိုင်းကိုင်း၊
  • ကျေးသီဗန်းစံ၊
  • လွယ်လုံ၊ သထုံ၊
  • ဗန်းရင်၊ ဟိုပုန်း၊
  • နန်းခုတ်၊
  • စကွယ်နယ်၊
  • မိုင်းရှူး၊
  • သမခမ်း၊
  • ပွေးလှ၊ ဘော်နယ်၊
  • ရွာဝံနယ်၊
  • ပင်မှီ၊
  • ကျုံးနယ်၊
  • ပင်းဒယ၊

မြောက်ပိုင်းရှမ်းပြည်နယ်များ
  • သီပေါနယ်၊
  • တောင်ပိုင်းနယ်၊
  • မိုင်းရယ်နယ်၊
  • မြောက်သန္နီနယ်၊
  • မိုးမိတ်နယ်၊
  • မိုးလင်းနယ်၊

ယနေ့ ရှမ်းပြည်နယ် နှင့် မြို့တော်
ပြည်နယ်၏မြို့တော် မှာတောင်ကြီးမြို့ဖြစ်ပြီး၊ ရှမ်းပြည်နယ်ကို အပိုင်းကြီးသုံးပိုင်းဖြင့် ခွဲခြားထားသည်၊
  1. ရှမ်းပြည်နယ် အရှေ့ပိုင်း၊
  2. ရှမ်းပြည်နယ် တောင်ပိုင်း၊
  3. ရှမ်းပြည်နယ် မြောက်ပိုင်း ဟူ၍ပင်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော်မှာ ကျိုင်းတုံမြို့ဖြစ်သည်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၏ မြို့တော်မှာ လားရှိုးမြို့ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၏ မြို့တော်မှာ တောင်ကြီးမြို့ဖြစ်သည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
တရုတ်၊ လာအိုနှင့်ထိုင်း နယ်စပ်များနှင့် ဆက်စပ်နေသော ဒေသများတွင် နေထိုင်သော ရှမ်းလူမျိုးများသည် မြန်မာပြီးလျှင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၄ သန်းကျော် နေထိုင်ပြီး လူမျိုးစု ၃၅ စုပါဝင်နေထိုင်သည်။ ရှမ်းအမျိုးသားများသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွဘောင်းဘီရှည်နှင့် တွဲဖက်ဝင် ဆင်ပြီး ခါးတွင် ပုဝါစစည်းနှောင်းလေ့ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံးလက်ရှည်အင်္ကျီကိုပတ် လည်စင်းပါသော ရိုးရာလုံချည်နှင့် တွဲဖက်ဝင်ဆင်သည်။ အင်းလေး၊ ပင်းတယဒေသများ အပါအ၀င် အပန်း ဖြေလေ့လာရန် ဒေသများစွာ ရှိသည်။

ရှမ်းလူမျိုးတို့၏ အလုပ်အကိုင်များ

ရှမ်းလူမျိုးတို့သည် အဓိကအားဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များမှာ သစ်၊ လက်ဖက်၊ စပါး၊ လိမ္မော်၊ ပြောင်း၊ ရာဘာ၊ နှင့် ကောက်ပဲသီးနှံများစိုက်ပျိုးလျက်ရှိကာ လက်မှုအတတ်ပညာများစွာကို လုပ်ကိုင်လျက်ရှိကာ နေထိုင်ကြသည်။

ရှမ်းလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှု
ရှမ်းလူမျိုးတို့ကို ကိုးကွယ်ယုံကြည်မှု နှင့်ပက်သက်၍ အချို့က ရှမ်းပြည်နယ်တွင် နတ်ကိုးကွယ်မှုနှင့် စုန်း၊ တစ္ဆေ၊ ကဝေ စသော မိစ္ဆာ အယူဝါဒ ထွန်းကားသည်ဟု လွဲမှားစွာ ကောက်ယူခဲ့ကြသည်။ အမှန်မှာ ဗုဒ္စဘာသာကိုသာ ကိုးကွယ်ခဲ့ကြသည်.။ ရှမ်းတို့အိမ်တွင် ဘုရားစင်သာရှိသည်။ နတ်စင်မရှိ။ ဗုဒ္စဘာသာဝင် ရှမ်းအမျိုးသား မှန်သမျှဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ကြသည်။ တနှစ်တကြိမ်ကျ ရွာစောင့်နတ်၊ လယ်စောင့်နတ်၊ သမ္မဒေ၀ါ နတ်များအား ပူဇော်မှုလောက်သာ ရှိကြသည်။ သို့တော် ထုံးစံမျှသာဖြစ်ပြီး.ကြီးကျယ် ခမ်းနားစွာ. နတ်ပွဲကြီးများ ကျင်းပခြင်းများ မရှိပေ။ ဘုရင့်နောင်လက်ထက်တွင် စော်ဘွားတို့သေလျှင် ချစ်သောကျွန်၊ စီးသော ဆင်၊ မြင်း တို့ကိုသတ်ပြီး ဂူသွင်းသော အကျင့်ကို တားမြစ်လိုက်သည်။ ဘုရင့်နောင်သည် ရှမ်းလိုမျိုးတို့ကို  ဗုဒ္ဓဘာသာကို စတင်ဖြစ်ထွန်းစေသော သူမဟုတ် ရှမ်းပြည်ကို ထေရ၀ါဒ ဗုဒ္စဘာသာ စည်ပင်ပြန့်ပွားအောင် လုပ်ခဲ့သောသူ၊ စော်ဘွားတို့သေလျှင် ချစ်သော ကျွန်၊ စီးသော ဆင် ၊ မြင်း. စသည်တို့ကိုသတ်ပြီး အတူမြုပ်သော အကျင့်၊ အယူစဆိုးများကို ပျောက်အောင် လုပ်ဆောင်ပေးသော သူတယောက်ဆိုလျှင် ပိုမှန်ပါလိမ့်မည်..။

ရှမ်းလူမျိုးနဲ့ ဗုဒ္ဓသာသနာ
ရှမ်းလူမျိုးများက မိမိတို့သည် ဂေါတမဘုရား လက်ထက်ကပင် ဘုရားကို ကိုးကွယ် ယုံကြည်ခဲ့ကြသည်ဟု ဆိုသည်။ ဘုရားရှင်လက်ထက်က ကောသမ္ဗီဘုရင် ဥတေနသည် ရှမ်းဘုရင်တပါးဖြစ်သည်ဟု မောရှမ်းရာဇ၀င်နှင့် သိန္နီရာဇ၀င်တို့က ဆိုသည်။ “မိုင်းမောဝ်” ဟုခေါ်သော မောရှမ်းပြည်သည်.. ရွှေလီမြစ်ဝှမ်း ဒေသဖြစ်သည် ။ ထိုဒေသတွင် သာသနာနဲ့ ပက်သက်သော သမိုင်းဝင် အထောက်ထားများအနေဖြင့်..........

ကောသမ္ဗီသူဌေးကြီး ယောသက လှူဒါန်းထားသော ယောသိကာရုံေ ကျာင်းဟောင်းနေရာ (ရှမ်းစကားအရ “လွယ်ကျောင်းဆိုင်” ဟုခေါ်ပြီး တရုတ်မြန်မာ နယ်စပ် ရွှေလီမြစ်၏ တရုတ်ဘက်ကမ်းတွင် တည်ရှိသည်။ ၁၂၊၅ ၊၂၀၀၁ တွင်ကျမ်းပြုသူ ထိုနေရာသို့ရောက်ခဲ့ပြီး စေတီဟောင်းတဆူတွင် ရှေးဟောင်း ရွှေငွေ ကြေး မြေ ဆင်းတုတော် များစွာ တူဖော်ရရှိ၏)
  1.  ဥတေနမင်း၏ သချို င်္င်းအုတ်ဂူ။
  2. ယေသက သူဌေးကုန်း။
  3. ပန်ဖေဟို(ခေါ်) ခေါင်းဖြတ်တောင် (မာဂဏမိဘုရားတို့ ခေါင်းဖြတ်ခံရသောနေရာ)
  4. လွယ်ကျောင်းဆိုင် တောင်ခြေရှီ ဥတေန မင်း၏ ဆင်ချည်ကျောက်တိုင်။
  5. ပလလဲတော .....
စသည်တို့သည် ယခုတိုင် တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ဒေသ (တရုတ်ပြည်) တွင် တည်ရှိနေသည်ကိုတွေ့ရသည်.။
ဤသီန္နီရာဇ၀င် အဆိုတို့ကို ထောက်ရှု၍ ရှမ်းလူမျိုးက မိမိတို့သည် ဘုရားရှင်လက်ထက်ကပင် သာသနာတော်ကို ယုံကြည် ကိုးကွယ်လာခဲ့ကြသူမျာ ဖြစ်သည်ဟု ယူဆကြခြင်းပင် ဖြစ်သည်...။

ဘီစီ (၆) ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဘုရားရှင် ပေါ်ပေါက်လာခဲ့သော ကာလတွင် ရှမ်းလူမျိုးတို့သည် စူနိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသော ကာလဖြစ်သည်။ စူနိုင်ငံတော်သည် ဘုရင်ခံနိုင်ငံ (၁၂ )နိုင်ငံ ပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်။ ထိုဘုရင်နိုင်ငံတို့တွင် သျှင် Tsen (ခေါ်) Tien နိုင်ငံသည် ယခု ယူနန်နယ် ဖြစ်သည်။ သျှင်နိုင်ငံ၏ အနာက်တောင်ဘက်၌ သမိုင်းတွင် ထင်ရှားသော တကောင်းမြို့ရှိသည်။ တကောင်းသည် သကျသာကီဝင်တို့နှင့် အဆက်အနွယ်ရှိသဖြင့် ယင်းနှင့်ပတ်သက်သော အကြောင်းအရာ များကို ချန်ထား၍ရမည်မဟုတ်ပေ။




မြန်မာနိုင်ငံအတွင်းရှိ ရှမ်းလူမျိုးတို့၏သမိုင်း

AD ၁၂၈၀-၁၅၅၄

မြန်မာရာဇဝင်သမိုင်းများ၊ ကုန်းဘောင်သီပေါရာဇဝင်များအရ ရှမ်းပြည်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကမင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် "ရှမ်းမင်းအစ ဘိန္နက" ဟုပင်ရေးသားခဲ့ကြလေသည်။ ထိုရာဇဝင်အရ တကောင်းမင်းအဘိရာဇာ၏ အဖဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာပြီးလျှင် ဧရာဝတီမြစ်အနောက်ဘက် မလယ်အရပ်တွင် စိုးစံနေစဉ် ထိုမင်းနတ်ရွာစံ၍
ပါလာသောဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကိုဦးဆောင်သော ထိုမင်း၏ညီတော် ဘိန္နကရာဇ်သည် ရွှေလီမြစ် အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာဘက်ကမ်းတွင် "မိုင်းမော" ဟုခေါ်တွင်သောဒေသတွင် အခြေချကာ ရှမ်းတစ်ဆယ်ကိုးခရိုင်ကို တည်ထောင်ခဲ့သည်ဟုဆိုသည်။ ထိုကြောင့် "ရှမ်းပြည်ထောင်အစ မိုင်းမောက" ဟုလည်းဆိုရိုးပြုခဲ့ကြလေသည်။

မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

Copy by : Shan History
 
 

14.7.16

ရှမ်းညီနောင် သုံးပါး

အခါတပါး ဘိန္နမြို့ကိုအစိုးရသော စော်ဘွားကြီးတွင် သားတော်နှစ်ပါးရှိ၏။ စော်ဘွားကြီးမရှိ၍ သားတော်ကြီးက ဘိန္နကမြို့ကို မင်းပြုတော်မူ၏။ နောင်တော်၏ လုပ်ကြံမှုကိုစိုးရိမ်သဖြင့် ညီတော်အငယ် သိင်္ဂဗိုလ်သည် အလုပ်အကြွေးတို့နှင့်တကွ မြင်ဆိုင်းအရပ်သို့ တိမ်းရှောင်လာသည်။ မြင်ဆိုင်းတွင် အသည်သူကြွယ် သမီးနှင့် အိမ်ထောင်ပြုပြီး ရာဇသင်္ကြန်၊ အသင်္ခရာ၊ သီဟသူဟူသော သားတော်သုံးပါး ထွန်းကားသည်။ အခါတပါး သိင်္ဂဗိုလ်သည် တူးရွင်းထမ်းပြီး တောသို့ သွားရာတွင် နောက်ကတူးရွင်းကို မိုးကြိုးပစ်လေ၏။ သိင်္ဂဗိုလ်သည် "ငါကား အိုမင်းပြီ၊
ငါ့သားမြေးတို့သည် ရှေ့သို့အထင်အရှား ကောင်းစားရစ်လိမ့်မည်" ဟူ၍နိမိတ်ကိုဖတ်ပြီး သားသုံးယောက်ကို နရသီဟပတေ့မင်းကြီးအား ဆက်သလေ၏။နရသီဟပတေ့မင်းကြီးသည်လည်း ထိုသူတို့၏ အသွင်အပြင်ကို မြင်တော်မူသည်ဖြစ်၍ အပါးတော်တွင်ခစားစေ၏။ ထိုသုံးယောက်တို့သည် နရသီဟပတေ့မင်း ပေးအပ်သော တာဝန်တို့ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သဖြင့် ဆုလာဘ်တော်နှင့်တကွ ကျေးရွာပေးတော်မူ၏။ နရသီဟပတေ့မင်းကြီး မရှိ၍သားတော်ကျော်စွာမင်း လက်ထက်တွင်လည်း အမှုတော်ကို ထမ်းသည်။ အောင်မြင်မှုများ၍ ကျေနပ်အားရတော်မူသောကြောင့် အစ်ကိုအကြီးကို ရာဇသင်္ကြန်ဟူသော အမည်ဖြင့် မြင်ဆိုင်းမြို့ကို ပေးတော်မူ၏။ ညီအလတ်ကိုလည်း အသင်္ခရာ ဟူသောအမည်ဖြင့် မက္ခရာမြို့ကိုပေးတော်မူ၏။ ညီတော်အငယ်ကိုလည်း သီဟသူဟူသော အမည်ဖြင့် ပင်လယ်မြို့ (ပင်လယ်ဘူး) ကိုပေးတော်မူ၏။

AD- ၁၂၈၇ ခုနှစ်တွင် မွန်ဂိုတပ်များ ပုဂံသို့ လာရောက် တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းသည် ပြည်သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သားတော် သီဟသူက ခမည်းတော်ကို အဆိပ်ခတ်၍ လုပ်ကြံသဖြင့် နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်း နတ်ရွာစံလေသည်။ သီဟသူသည်လည်း ပဲခူးစား ငပမွန်ငယ်ကို လေးနှင်ပစ်ရာ မိမိမြှားဖြင့် မိမိကိုယ်ကိုထိ၍ နတ်ရွာစံလေသည်။ ထို့နောက် နရသီဟပတေ့မင်း၏ သားတော်အငယ် ကျော်စွာမင်းသည် ၁၂၈၉ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းမြန်းအုပ်စိုးသည်။

ကျော်စွာမင်း မင်းဖြစ်တော်မူလာပြီးနောက် မိဖုရားဖွားစောကို တိုင်ပင်ခြင်းမရှိသဖြင့် မင်း (၃) ဆက်တိုင်အောင် မိဖုရားဖြစ်ခဲသော မိဖုရားဖွားစောသည် ကျော်စွာမင်းအပေါ် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် မိဖုရားစောသည် ရှမ်းညီနောင်သုံးဦးကို တိုင်ပင်၍ ကျော်စွာမင်းကို နန်းချရန်စီစဉ်လေသည်။

ရှမ်းညီနောင်သုံးဦးတို့သည် အစတွင် ပုဂံ၏ကျေးဇူးသစ္စာကို ခံယူဟန်ဆောင်ခဲ့ကြသည်။ မွန်ဂိုတို့ကို ကြောက်ရွံ့၍လည်း ပုန်ကန်သူများအဖြစ် မခံယူလိုပေ။ သို့ရာတွင် သီဟသူသည် အေဒီ ၁၂၉၅ ခုနှစ်တွင် ဧကရာဇ် အဖြစ်ကြေညာသည်။ ကျော်စွာမင်းသည် မွန်ဂိုတို့နှင့် အဆက်အသွယ်ရှိနေရကား ရာဇသင်္ကြန်နှင့် သီဟသူတို့တို့သည် တကောင်းတွင်ရှိသော မွန်ဂိုတို့ကို တိုက်ခိုက်သည်။ ထို့နောက် ပုဂံကိုတိုက်ခိုက်၍ AD ၁၂၉၈ တွင် ကျော်စွာမင်းကိုနန်းချကြသည်။ မိဖုရားစောနှင့်တိုင်ပင်၍ ကျော်စွာမင်းကို သားနှင့်တကွ မြင်စိုင်းသို့ပင့်ဆောင်၍ သင်္ကန်းဝတ်စေပြီး မြင်စိုင်း၌ အစောင့်အရှောက်နှင့်တကွ ထား၏။ ဤအတွင်း ကျောင်ဆည်ခရိုင်၏ အနောက်ဘက်ပိုင်းတွင် သီရိရာဇာ အမည်ဖြင့် ဗမာဘုရင်တစ်ပါးပေါ်ပေါက်၍ ရှမ်းတို့ကိုတိုက်ခိုက်သည်။ ရှမ်းတို့သည် ပပိုင်ဆီပူ (ဇင်းမယ်)မှ စစ်ကူတောင်းကာ စားရေရိက္ခာကြွယ်ဝလှသော မြစ်သာဆယ်တစ်ခရိုင်လုံးကိုသိမ်းပိုက်ကြသည်။ ၁၂၉၉ ခုနှစ်တွင် ရှမ်းတို့သည် စောနစ်မင်းကိုပုဂံ၌ နန်းတင်၍ ရုပ်သေးရုပ်အဖြစ်ထားကာ မွန်ဂိုတို့ကို တစ်ဘက်တွင် လှည့်ဖြား၍ ပိရိစွာလိမ်လည် ထားကြသည်။

အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များ မင်းရိုးကို နန်းတင်ရန်အတွက် မြင်စိုင်းသို့ ရောက်လာကြသည်။ ရှမ်းညီနောင်သုံးဦးတို့သည် ထိုအကြောင်းကို ကြားသိသဖြင့် နန်းကျကျော်စွာကို သတ်ပြီး မင်းရိုးမရှိပြီ ဟုပြောကာ ကျော်စွာမင်း၏ ခေါင်းကို မွန်ဂိုတို့အားပြလေ၏။ မွန်ဂိုစစ်သူကြီးတို့လဲ "မင်းရိုးမရှိလျှင် ငါတို့ပြန်မည်။ လက်ဆောင်ပဏ္ဏာကရသာ ပေးတော့" ဟုဆိုလာသဖြင့် ရှမ်းညီနောင်သုံးပါးတို့သည်လည်း လက်ဆောင်ပဏ္ဏာ၊ လက်နက်များစွာစီရင်၍ ပို့လေသည်။ မွန်ဂိုတို့သည် မိမိတို့၏စစ်သည်အင်အားကို ပြလို၍ အလျားတာ (၇၀၀၀)၊ အနံ (၂) တာ၊ စောက် (၂) တာရှိသည့် နယ်ခြားမြောင်းကို နေဝင်ပြီးမှ စတင်တူးဖော်ရာ နေမထွက်ခင် တူးပြီးသည်ဟုဆိုသည်။ တူးရွင်းသွားထိုးမိ၍ ပြတ်လေသော လက်ဖျားခြေဖျားတို့ကို ကောက်ယူစုပုံထားသဖြင့် ဆယ်တင်းဝင်ပုတ်နှင့် ပြည့်သည်ဟူ၏။ ထိုမွန်ဂိုတပ်များထဲတွင် တရုတ်စစ်သည်တော်များ၊ မောရှမ်းစစ်သည်တော်များ၊ မိုးမိတ်၊ မိုးကောင်း စစ်သည်တော်များ၊ ရှဲန်ဆည်စစ်သည်တော်များ ပါဝင်လာကြသဖြင့် မြောင်းကိုဦးဆောင်တူးသူမှာ မိုးမိတ်စောဘွား ခွန်ယီကွဲခမ်းနှင့် ရှဲန်ဆည်မှ တောဝ့်နွဲ့ချယ် တို့ဖြစ်သည်။ မွန်ဂိုတို့သည်လည်း ကျော်စွာမင်း၏ ဦးခေါင်းကိုယူ၍ပြန်လေသည်။

(မြန်မာ့စွယ်စုံကျမ်းတွင်မူ အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များသည် ရှမ်းညီနောင်တို့၏ မြိုတော်ဖြစ်သော မြင်စိုင်းမြိုကို ချီတက်တိုက်ခိုက်ကြသည်။ မိမိတို့ထံ ထွက်ပြေးလာသော (နန်းကျကျော်စွာ၏သား) ရဟန်းတော် ကုမာရကဿပ ကိုလည်း နန်းတင်ရန် တစ်ပါတည်းခေါ်လာကြသည်။ မြင်စိုင်းကို ရံ၍တိုက်ရာ အောင်လုနီးပါးတွင် ရှမ်းညီနောင်တို့၏ ပရိယာယ်ကြောင့် အလံကိုဖြုတ်ပြီးလျှင် မွန်ဂိုတပ်များ ဆုတ်ခွါသွားကြလေသည်။ တက်တော်မူမင်းကြီး အမည်ခံယူသော ကုမာရကဿပသည်လည်း မွန်ဂိုတပ်များနှင့် ပြန်လည်လိုက်ပါသွားရလေသည်။)

အေဒီ ၁၃၁၂ ခုနှစ်တွင် သီဟသူသည် မြစ်ငယ်မြစ်နှင့် ပေါင်းလောင်းမြစ်ဆုံရာတွင် ပင်းယမြို့ကိုတည်ထောင်စိုးစံတော်မူလေသည်။ ပင်းယမြို့ကိုတည်ထောင်၍ (၆) နှစ်ရှိသောအခါ သားတော်ဥဇနာကို အိမ်ရှေ့အရာ ပေးတော်မူ၏။ သားတော်အလတ်ကျော်စွာအား ပင်လယ်ဘူးမြို့ကို ပေးတော်မူ၏။ သားတော်အငယ် နော်ရထာကို ရှစ်ရှားမြို့ကိုပေးတော်မူ၏။ တရံရောအခါတောင်ငူစား သဝန်ငယ်သည် ဆက်ကပ်မြဲ မဆက်သောကြောင့် သားတော်အိမ်ရှေ့ဥပစာနှင့် သားတော် အလတ်ကျော်စွာကို အလုံးအရင်း ဆင်မြင်းများနှင့်ချီရလေ၏။ တောင်ငူသဝန်ငယ်သည် မထောင်သာဝန့်သဖြင့် သစ္စာတော်ခံပြီး လက်ဆောင်ပဏ္ဏာများ ဆက်သခဲ့ရသည်။ ညီနောင်သုံးပါးသည် (၁၂) နှစ်တိုင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်ဘူး တို့၌ တိုင်းပြည်ကို အပြိုင်အုပ်စိုးခဲ့ကြသည်။ နန်းသက် (၁၂) နှစ်ရှိသောအခါ အေဒီ ၁၃၁၅ ခုတွင် ညီတော်သီဟသူသည် နောင်တော် အသင်္ခရာအား ဆေးဖြင့်လုပ်ကြံသဖြင့် နောင်တော် အသင်္ခရာနတ်ရွာစံလေသည်။ အေဒီ ၁၃၂၇ တွင် ရာဇသင်္ကြန်သည် မကျန်းမာ၍ နတ်ရွာစံလေသည်။

တစ်စီးရှင်သီဟသူသည် အိမ်နိမ့် (၃၃)၊ စည်းစိမ် (၂၂)၊ သက်တော် (၅၅) နှစ်တွင်နတ်ရွာစံလေသည်။ ထို့နောက် သားတော်ဥဇနာသည် ခမည်းတော်၏ ထီးနန်းကို ဆက်ခံလေသည်။ ဥဇနာမင်းသည် အိမ်နိမ့် (၂၂)၊ စည်းစိမ် (၂၀)၊ သက်တော် (၄၂)နှစ်တွင် ညီတော်ကျော်စွာအား ထီးနန်းလွှဲအပ်တော်မူလေသည်။ ကျော်စွာမင်းသည် အိမ်နိမ့် (၃၆)၊ စည်းစိမ် (၉)၊ သက်တော် (၄၅)နှစ်တွင် နတ်ရွာစံလေသည်။ ယင်းနောက် သားတော်ကျော်စွာသည် (၁၀) နှစ်မင်းဖြစ်တော်မူ၏။ ၄င်းနောက် အေဒီ (၁၃၆၃) ခုတွင် ကျော်စွာ၏ညီတော် နရသူသည် (၃) နှစ်မင်းဖြစ်ခဲပြီး မောရှမ်းတို့ကဖမ်းဆီးသွားသောကြောင့် "မောပါနရသူ" ဟူ၍ အမည်တွင်လေသည်။

အေဒီ ၁၃၁၅ ခုနှစ်တွင် သီဟသူ၏သားတော်ငယ် အသင်္ခရာစောယွန်း (မြောက်နန်းမိဖုရား၏သားတော်) သည် စစ်ကိုင်းမြို့ကိုတည်တော်မူသည်။ (စစ်ကိုင်းကို ရှမ်းဘာသာဖြင့် "စေကျိုင်း" ဟုခေါ်သည်။ "စေ" သည် "ဒေသ" ဖြစ်၍၊ "ကျိုင်း" သည် "မန်ကျည်းပင်" ဖြစ်သည်။ ထို့ကြောင့် "စေကျိုင်း" ဆိုသည်မှာ မန်ကျည်းပင် ပေါသောဒေသ" ဟုအဓိပ္ပာယ်ရသည်။) အေဒီ ၁၃၆၃ ခုနှစ် ကဆုန်လတွင် နရသူ၏ ဖိတ်ခေါ်ချက်အရ မောရှမ်းတို့သည် စစ်ကိုင်းကို တိုက်ခိုက်၍ ထိုနှစ် နယုန်လတွင် ပင်းယကို တိုက်ခိုက်လေသဖြင့် စစ်ကိုင်းနှင့်ပင်းယ နှစ်မြို့လုံးပျက်ရသည်။ မောရှမ်းတို့သည် ပင်းယမြို့ကိုနိုင်ပြီး နရသူနှင့်တကွ ဆင်ဖြူ (၃) စီးကိုယူကာ ပြန်လေလျှင် နရသူ၏နောင်တော် ဥဇနာပျောင်ကို အမှူးအမတ်အပေါင်း ညှိ၍ စောဥမ္မာနှင့်စုံဖက်၍
နန်းတင်ကြသည်။ ဥဇနာပျောင်နန်းတက်၍ သုံးလရှိသောအခါ သတိုးမင်းဖျားသည် ကြခတ်ဝမှလာ၍ ဥဇနာပျောင်ကို လုပ်ကြံပြီးသော် စောဥမ္မာကို မိဖုရားမြှောက်၍ ပင်းယကို မင်းပြုတော်မူ၏။ အင်းဝသည် မင်းဆက် (၆) ဆက်၊ မင်းသက် (၅၂) နှစ် ရှိခဲ့ပြီး စစ်ကိုင်းသည် မင်းဆက် (၇) ဆက်၊ မင်းသက် (၃၉) နှစ်ရှိခဲ့သည်။

အင်းဝမင်းကြီးစွာစော်ကဲ (အေဒီ ၁၃၆၈-၁၄၀၁) နှင့် ယင်း၏သားတော် မင်းခေါင် (အေဒီ ၁၄၀၁-၁၄၂၁) တို့လက်ထက်တွင် အင်းဝနှင့် ဟံသာဝတီတို့ နှစ်ပေါင်း (၄၀) ကာလကြာစစ်ပွဲများ ဖြစ်ပွားခဲ့သော်လည်း မည်သူက မည်သူ့ကိုနိုင်အောင် မတိုက်နိုင်ခဲ့ပေ။ ထိုခေတ်ဟံသာဝတီ မင်းကား ရာဇာဓိရာဇ်မင်းဖြစ်ပေသည်။ အေဒီ၁၄၁၇ ခုနှစ်တွင် ၄င်းတို့စစ်ပွဲများ ရပ်တန့်ခဲ့လေသည်။ အင်းဝနှင့် ဟံသာဝတီတို့စစ်ဖြစ်နေသောအချိန်တွင် ဗမာလူမျိုးတို့သည် တောင်ငူတွင် စိုးစံခဲ့ပြီး ဗမာနိုင်ငံတော်ကို ထူထောင်နိုင်ရန်အတွက် အင်အားစုဆောင်းသော
အချိန်ဖြစ်သည်။

မှတ်ချက်။ ။ အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

Copy by : Shan History

ရှမ်း" နှင့် "တိုင်း" ဝေါဟာရရှင်းလင်းချက်

"ရှမ်း"ဟူသောဝေါဟာရမှာ အခြာလူမျိုးများကရှမ်းလူမျိုးများကိုခေါ်သော ဝေါဟာရဖြစ်ပါသည်။ ရှမ်လူမျိုးတို့က မိမိကိုယ်ကို"တိုင်း" (Tai) ဟုခေါ်ကြသည်။ ယိုးဒယားနိုင်ငံသားများကမူ “ထိုင်း” (Thai) ဟုခေါ်ကြသည်။ “ရှမ်း” ခေါ် “တိုင်း ” ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထား ကြောင်းတွေရပါသည်။ ရှေမြန်မာကျောက်စာတို့တွင် “သျမ်” (သို့) “သျံ” ဟုရေးသားကြသည်။
ရှေးယခင်က “ရှမ်း” ကို “သျှမ်း” ဟုရေးသားကြသည်။ ရှမ်းလူမျိုးများသည် “ရှမ်း” ဟုရေးသားခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟုသိရသည်။ “ရှမ်း” ဟူသောအရေးအသားမှာ ယခုခေတ်သစ်ရှမ်းစာပေတွင် “ဖွဲနု”ဟူ၍လည်းကောင်း၊ “ချသည်၊ တိုက်ခိုက်သည်၊ ရိုက်နှက်သည်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။

မြန်မာအဘိဓာန်တွင် “ရှမ်း” ကို ထိုင်းတရုတ်အုပ်စုဝင် ဘာသာစကားတမျိုးကို ပြောဆိုသော မြန်မာတိုင်းရင်းသားတစ်မျိုး ဟု ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။
သျှမ်း (သို့) ရှမ်း ဟူသောအဓိပ္ပာယ်ကိုအဆင့်ဆင့် ပြောင်းလဲလာသော စကားလုံး အနက်အဓိပ္ပာယ်များ အရ -
-အရှင်သခင်အဖြစ်ဖြင့် အစိုးရတတ်ခြင်း၊
-ရွှေအဆင်းနှင့်တူသော ဝါဝင်းသော ကိုယ်အဆင်းရှိခြင်း၊
-မညီညာသော တောင်ကုန်းတောင်တန်းဒေသတို့ တွင်နေထိုင်ခြင်း၊
-ကုန်သွယ်မှုကိုပြုတတ်ခြင်း၊
-တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းမကွဲမပြား ဆောင်ရွက်လုပ်ကိုင်နိုင်စွမ်း “သာမသတ္တိ” ရှိခြင်းဟူ၍ အဓိပ္ပာယ်ရသည်။

“တိုင်း”ဝေါဟာရရှင်းလင်းချက်
“တိုင်း”ဟူသော ဝေါဟာရသည် ကမ္ဘာပေါ်တွင်ရှိသော ရှမ်းလူမျိုးများက မိမိကိုယ်ကိုမိမိ ပြန်လည်၍ ခေါ်သော ဝေါဟာရ ဖြစ်သည်။ သို့သော်ရှမ်းလူမျိုးများသည် မိမိကိုယ်မိမိ “တိုင်း” ဟုခေါ်ဝေါ်ခဲကြသည်မှာ မည်သည့်ခေတ် မည်သည့်ကာလတွင် စတင်ခေါ်ဝေါ်ကြသည်ကို တိတိကျကျ မသိရှိရပေ။ အချို့သော သမိုင်းပညာရှင်များကမူ “တိုင်း” ခေါ်ရှမ်းလူမျိုးများသည် အန်တိုင်းတောင် (Altai mountain) မှဆင်းသက်လာသဖြင့် “တိုင်း” ဟုခေါ်တွင်လာကြောင်း။ တရုတ်လူမျိုးတို့သည် ရှမ်းကို “တာ့၊ တိုက်၊ တိုင် ၊ဒွေလ်” ဟုခေါ်ကြသည်။အချိုကမူ လွန်ခဲသော နှစ်ပေါင်း ၆၀၀၀ ကျော် (ဘီစီ-၄၀၀၀)ခန့်တွင် ရှမ်းလူမျိုးတို့သည် အီရတ်နိုင်ငံအတွင်းရှိ တိုင်းဂရစ် Tigris မြစ်ဝှမ်းတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်လာသဖြင့် “တိုင်း” ဟုခေါ်ကြောင်းလည်း ယူဆကြသည်။
အချိုသော သမိုင်းပညာရှင်များ၏ ယူဆချက်အရ “တိုင်း” ခေါ် “ရှမ်း” လူမျိုးများသည် တရုတ်လူမျိုးတို့ထက်စော၍ မြိုပြတိုင်းနိုင်ငံကို တည်ထောင်ခဲ့သဖြင့် တရုတ်လူမျိုးများက ရှမ်းလူမျိုးများကို “တာ့ကော-အစ်ကို” ဟုခေါ်ကြသည်။ ထို့ကြောင့် “တိုင်း” ဟူသော ဝေါဟာရသည် တရုတ်စကား “တာ့” (ကြီးသည်) ဟူသောတရုတ်စကားလုံးမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။
ကျေးကျွန်ပိုင်ခေတ်တွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဖမ်းဆီး၍ ကျေးကျွန်ပြုစေခြင်း၊ စစ်သုံ့ပန်းများကို ကျေးကျွန်ပြုခြင်းများ ပြုလုပ်လာကြသည်။ မျက်မှောက်ခေတ်သို့ ရောက်လာသောအခါ “တိုင်း” ဝေါဟာရကို “ကြီးမြတ်ခြင်း၊ အရှင်သခင်၊ လွတ်လပ်သူ=Freeman” ဟုအဓိပ္ပါယ် ဖွင့်ဆိုလာကြသည်။ ထိုင်း၊ လော၊ ယွန်း၊ လူး၊ ဂုံနှင့် လျန်း(မ်) တို့၏စကားတွင် “ခါ-စဝ် = ကျွန်သခင်” အစား “ခါ-တိုင်း” ဟု ယခုတိုင်အောင် သုံးနှုန်းထားသည်ကို တွေ့ရသည်။
သာသနာသက္ကရာဇ် ၂၅၃၀ ထုတ် ထိုင်းအဘိဓာန်တွင် “တိုင်း”ကို “ကြီးမြတ်သူ၊ ရှမ်း Siam နိုင်ငံတော်၏ ရှေးဟောင်းမြို့အမည်၊ ကိုယ်စိတ်နှစ်ပါး လွတ်လပ်ခြင်း၊ ကျွန်မဟုတ်ခြင်း” ဟုဖွင့်ဆိုထားသည်။
အချုပ်အားဖြင့်ဆိုသော် “တိုင်း” သောဝေါဟာရသည် တရုတ်စကား၊ အင်္ဂလိပ်စကား၊ ပါဠိစကား မဟုတ်ပေ။ စင်စစ် ရှေးခေတ် ရှမ်းလူမျိုးတို့၏ စကားပင်ဖြစ်သည်။

Copy by : Shan History

9.7.16

ရှမ်းလူမျိုးများ၏နတ်ကိုးကွယ်ခြင်းအပေါ်ယုံကြည်မှုသဘောထား

ရှမ်းလူမျိုးတို့သည် နတ်ကို မယုံကြည်ခြင်းမဟုတ်။ နတ်သမီး၊ နတ်သားတို့ အားအရှမ်းအခေါ် ခွန်ဖီ၊ နန်းဖီဟု ခေါ်သည်။ ဗမာများကဲ့သို့လို.. နတ်ဝင်သည် ၊ နတ်ကနား ၊ နတ်ပွဲပေး၍ နတ်မေးခြင်းများ မရှိပေ။ ၄င်းတို့ကိုလဲ ယုံကြည်ခြင်းမရှိပေ။ ကိုးမြို့ရှင် ဟုခေါ်သော “စ၀်မိုင်း”တော့ရှိပေသည်။ သို့သော် တစ်နှစ်တစ်ခါ ပူဇော်ခြင်းမှလွဲ၍ အခြားအချိန်များတွင် ပူဇော်ခြင်းမရှိပဲ နတ်ကွန်းတွင် လူသူကင်းမဲ့လေ့ရှိသည်။ ကားဝယ်လျှင် ရောင်းလျှင် အစဉ်ပြေစေရန် နတ်ပြခြင်း ရှမ်းလူမျိုးတို့တွင် မရှိပေ။ နတ်ကနားပေးခြင်း၊ နတ်ပွဲတင်ခြင်းများသည် ရှမ်းတို့ ၏အယူများမဟုတ်။ ဗမာလူမျိုးများကိုးကွယ်သော အချို့ရှမ်းအမည်ဖြင့် နတ်များကိုပင် ရှမ်းလူမျိုးများ ကိုးကွယ်ခြင်းမရှိကြပေ။ သို့သော် အိမ်များတွင် စင်တစင်တော့ရှိသည်။ “ဒေးဝရားဟော်၊ ဒေးဝရားဟိန်း” ဟုခေါ်သော ဟော်စောင့်နတ်၊ အိမ်စောင့်နတ် စင်ဖြစ်သည်။ ၄င်းစင်အား ကနှုတ်ပန်းများဖြင့် အလှဆင်လေ့ရှိသည်။ တစ်နှစ်တွင် ၂ခါမျှ ယင်းစင်တွင် ပန်းတွေ လှုဒန်းကြသည်။ ၄င်းအချိန်များမှာ ၀ါးတွင်းကာလနှင့် သင်္ကြန်အချိန်ဖြစ်သည်။ ၀ါတွင်းအချိန်တွင် ၄င်းစင်တွင် ဗုဒ္စအလံလေးများ လွင့်ထားတတ်သည်။ သင်္ကြန်အချိန်တွင် ဗမာလူမျိုးများ အတာအိုးဟုခေါ်သော သင်္ကြန်ပန်းအိုးလေးများကို ယင်းစင်ပေါ်တွင် ထားလေ့ရှိသည်။ ယင်းအိုးထဲတွင် အလံများ တခွန်များ ပန်းများကိုထည့်လေ့ရှိသည်။ ခရီးထွက်ခံနီးဖြစ်စေ အခြားအကြောင်းအရာ တစ်ခုခုဖြစ်စေ ယင်းစင်ပေါ်တွင် ပန်းကန်ပြားထဲသို့ ပေါက်ပေါက်ဆုတ်များ ပန်းများထည့်၍ အန္တရယ်ကင်းစေရန် ဆုတောင်းလေ့ရှိသည်။ ဗမာလူမျိုးများကဲသို့ နတ်စင်မဟုတ်ပေ။ ဗမာလူမျိုးများသည် နတ်စင်ကို အိမ်ဦးခန်းရှိ ထောင့်တထောင့်တွင် ထားကြသည်။နေ့စဉ်ဆွမ်းများကပ်လှူသည်။ ရွေအုန်းသီး ငွေအုန်းသီးဆိုပြီး ဟူ၍ ကပ်လှုကြသည်။ ရှမ်းလူမျိုးတို့၏ အိမ်များတွင် ယင်းကဲ့သို့နတ်ဆင်မရှိပေ။ အချုပ်အားဖြင့်ဆိုရသော် ရှမ်းလူမျိုးများသည် နတ်ကို မယုံကြည်ခြင်းမဟုတ် မကိုးကွယ်ခြင်းဖြစ်ကြောင်းတွေ့ရသည်။

2.7.16

ဘာသာရေးဆိုင်ရာပွဲလမ်းများ

ရှမ်းအမျိုးသား ပွဲလမ်းသဘင်များမှာ များသောအားဖြင့် ဘာသာရေးဆိုင်ရာ ပွဲများသာ ဖြစ်သည်။ အများအားဖြင့် အောက်ပါ ပွဲများကို ကျင်းပလေ့ ရှိကြသည်-
(၁) ရှင်ပြုပွဲ
(၂) ဘုရားရုပ်ပွားတော် လှူပွဲ
(၃) ဓမ္မကျမ်းစာ ပုရပိုက် လှူပွဲ
(၄) အိမ်တက် မင်္ဂလာပွဲ နှင့်
(၅) ဆွမ်းတော်ကြီး ကပ်လှူပွဲ - များ ဖြစ်ကြသည်။

ဖော်ပြပါပွဲများတွင် ရှင်ပြုပွဲ၊ ဘုရားရုပ်ပွားတော် လှူပွဲနှင့် ကျမ်းစာပုရပိုက် လှူပွဲများကို တတ်နိုင်သူများက တဦးချင်း အနေနှင့်လည်းကောင်း သို့မဟုတ် ရပ်ရွာအလိုက် စုပေါင်း၍လည်းကောင်း ကျင်းပလေ့ ရှိသည်။ ထိုပွဲသုံးခုကို တနေရာတည်း၊ တချိန်တည်း ပူးပေါင်း ကျင်းပလေ့ရှိသည်။ ယင်းပွဲကျင်းပသည့်အခါ အလှူ့ဒကာတို့က ကျောင်းကန်ဘုရားအနီး သာယာပြန့်ပြူးသော နေရာတွင် ယာယီအလှူမဏ္ဍပ် ဆောက်လုပ် ကျင်းပကြသည်၊ မဏ္ဍပ်အလယ်နေရာတွင် လှူဖွယ်ပစ္စည်းများနှင့် ဘုရားရုပ်ပွားတော်တို့ကို လှပစွာ ပြင်ဆင်ထားသည်။ ဘုရားစင်တဖက်တချက်တွင် တတောင်ခန့်အမြင့်ရှိ စင်ထိုးပြီး ရာဇမတ်ကာ၊ လှေကားတပ်၍ ငှက်ပျောပင်၊ ကြံပင်များဖြင့် ဆင်ယင်ထားပြီ သက်ကယ်၊ ကောက်ရိုးများ ကာရံထားသည်။ ၀င်းပေါက်များတွင် ရေအိုးစင်များ ဆောက်ထားသည်။

အလှူပွဲနေ့ရက် မတိုင်မီ ကြိုတင်၍ နီးစပ်ရာ ပတ်ဝန်းကျင်ရှိ ဆွေမျိုးသင်္ဂဟများအား အလှူပွဲသို့ ကြွလာရန် လူလွှတ်၍ ဖိတ်ကြားလေ့ရှိသည်။ ဖိတ်ကြားခြင်းကို စကားပြောဆိုရာတွင် လိမ္မာယဉ်ကျေးသူများက ဆောင်ရွက်၍ ဖိတ်ကြားသည့်အခါ ကြက်လျှာနှင့် ပူးတွဲ ချည်နှောင်ထားသော မုန့်ထုပ်နှင့် ဖိတ်လေ့ဖိတ်ထ ရှိသည်။

အလှူနေ့တွင် ရှင်လောင်းများနှင့်တကွ အလှူပစ္စည်းများကို ပွဲခင်းမဏ္ဍပ်သို့ အိုးစည်၊ ဗုံမောင်းများ တီးမှုတ်လျက် ဝေါဖြင့် တင်ဆောင်လာကြသည်။ ရှမ်းအမျိုးသားတို့၏ ဓလေ့ထုံးစံအရ ရှင်ပြုလိုသည့် သားရှင် မိဘများးသည် သားအတွက် ရှင့်အဖနှင့် ရှင့်အမိရှာပြီး သားအား ရှင်ပြုပေးပါရန် အပ်နှံကြရသည်။ ရှင့်အဖနှင့် ရှင့်အမိတို့က ရှင်လောင်းကို အ၀တ်အစား ဆင်ယင်ပေးခြင်း၊ အလှပြင်ပေးခြင်း၊ ဘေးမှ စောင့်ရှောက်ပေးခြင်း တာဝန်များ ယူရသည်။ ရှင်ပြုအဖနှင့် အမိတို့သည် အလှူမှ ဆုများခံပြီး ရရှိသော ငွေများကို ရွာအတွက်လိုအပ်သော ပစ္စည်းများ ၀ယ်ထားရန် ပြန်၍ လှူခဲ့ကြသည်။ ရှင်ပြုပေးသော ရှင့်ဖရှင့်မိများအား ရှင်လောင်းက မိဘအရင်းကဲ့သို့ ချစ်ခင်လေးစားသည်။

ငွေကြေးတတ်နိုင်သည့် အခြေအနေကိုလိုက်ပြီး အလှူပွဲကို သုံးရက်၊ ငါးရက်၊ ခုနှစ်ရက်စသည်ဖြင့် ကျင်းပလေ့ ရှိသည်။ ရပ်ဝေးမှရောက်လာသော ဧည့်ပရိတ်သတ်တို့ တည်းခိုစားသောက်ရေး အားလုံးကို အလှူရှင်များက တာဝန်ယူကြရသည်။

အလှူ ရေစက်ချမည့်နေ့တွင် မဏ္ဍပ်သို့ ဘုန်းကြီးများအား ပင့်၍ ရှင်လောင်းများကို သာမဏေအဖြစ် သင်္ကန်းစည်းပေးပြီး လှူဖွယ်ရာများကို ရေစက်ချ လှူခြင်းဖြင့် အလှူအခမ်းအနား ပြီးမြောက်သည်။ ပွဲပြီးသောည၌ အလှူပွဲတွင် အချက်အပြုတ်မှစပြီး ပါဝင်ကူညီပေးသူများက အိုးစည်၊ ဗုံမောင်းများဖြင့် အလှူရှင်များအတွက် ဆုတောင်းပွဲလုပ်ကြကာ အလှူရှင်များကလည်း အကျွေးအမွေးနှင့် ဆုငွေများပေးကြသည်။

(တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံများ-
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စာအုပ်မှ.....
 

1.7.16

နွားတင်ဝန်နှင့် ခေါင်းလောင်းသံ

လူတို့သည် လူမှုရေးအတွက် နေ့စဉ်အမျှ လှုရှားသွားလာလျက် စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များ၊ အမျိုးအနွယ်အလိုက် အပေါင်းအသင်း ဆက်ဆံရေးနှင့် ယုံကြည်ကိုးကွယ်မှု ကိစ္စရပ်များ၊ တဦးနှင့်တဦး ရေမြေ တောတောင် ဘယ်လိုပင်ခြားသော်လည်း တောတောင် ရှိုမြောင်များအကြား အခက်အခဲ အမျိုးမျိုးဖြင့် ဖြတ်ကျော်သွားလာခဲ့သည်မှာ လွယ်ကူသည့် ကိစ္စမျိုးမဟုတ်ပါချေ။
အခက်အခဲကြားမှ ကျော်လွှားဖြေရှင်းခဲ့သည့် ရှေးယခင်က အပြုအမူ လိမ္မာယဉ်ကျေးမှု (Civilization) အဆင့် အတန်းကို ဆိုလိုခြင်းဖြစ်သည်။
သျှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် လုပ်ကိုင်စားသောက်လျက်ရှိကြကုန်သော တိုင်းရင်းသား လူမျိုးများသည် ခေတ်စဉ်ကိုလိုက်၍ ၄င်းတို့ သုံးစွဲခဲ့သော လူသုံးပစ္စည်းအမျိုးမျိုးမှ သုတေသနပြုလုပ်လျက်တွေ့ရှိသော အချက်အလက်များအရ မှတ်တမ်းတင်ခဲ့ပေသည်။ ထိုကဲ့သို့ သုတေသန ပြုလုပ်ခဲ့ရာမှ တွေ့ရှိချက်များ၊ လှည်းလမ်း၊ ကားလမ်း မရှိသေးသည့်ခေတ် သမယ၌ အသုံးပြုခဲ့သော နွားဝန်တင် နှင့်ခေါင်းလောင်းသံ အကြောင်းကို ဖောက်သည်ချရသည်သာလျှင်--
သျှမ်းတို့သည် လှည်းလမ်း ပေါ်သေးခင် ကုန်ကူးရာ၌ ရှေ့ဆောင်နွား၊ ရှေ့သွားဥဿဖ မှာ နွားဝန်တင်များအထဲမှ ရှေ့ဦးဆုံး အမြဲသွားတတ်ကြသော နွားအရွယ်ကောင်း ရုပ်ကောင်း အင်အားကောင်းတစ်ကောင်မှ သုံးကောင်အထိရွေးချယ်၍ ၄င်းတို့အား အသိအလိမ္မာရှိအောင်၊ အထူးသဖြင့် ခရီးသွားနေစဉ် ဘယ်ရှောင် ညာရှောင်၊ ရှေ့သွား နောက်ဆုတ်၊ အသွား အလာ အရပ် အနား အတွက် သူ့နည်းသူ့ဟန်နှင့် သုံးနှုံးသည့် လူ့စကားလုံးကို လိုက်နာအောင်သင်ကြားလေ့ကျင့်ပေးရ၏။
ခရီးသွားဖန်များသော် မိမိ၏နွားအုပ်မှ ၄င်းတို့ သုံးနှုံးသော စကားလုံးများကို နားလည်၍ လိုက်နာသော နွားတကောင်ကို ရွေးထုတ်၍ ရှေ့ဆောင်လမ်းညွှန်အဖြစ် (ပိုးနမ်း) ဟုသတ်မှတ်လျက် ထိုနွားအား အခြားနွားများထက် အခွင့်အရေးပေးပြီး အထူးတန်ဆာ ဆင်ပေးလိုက်သည်။
ဆင်အပ်သောတန်ဆာများမှာ-
နွားနဖူးစီး၊ နွားဦးကင်းတပ်ဆင်သည့် ရောင်စုံပန်းခက် ပန်းနွယ်၊ မှန်စီရွှေချ၊ ပိုးကြိုး၊ ဖဲကြိုး၊ ကတ္တီပါကြိုး များချယ်လှယ်ထား၏။ အခြားသော ဝန်တင်နွားများကဲ့သို့ ပစ္စည်းထည့်သည့် ခြင်းများမပါ။ ဦးစီးခေါင်းဆောင်ဖြစ့်သည့် လူကြီး၏ အဖိုးတန်ပစ္စည်းများစောင်နှင့် အခြားသော ပစ္စည်းများကို ကျောကုန်းပေါ်တင်လျက် ရှေ့စီးနောက်စီးကြိုးများဖြင့် မြဲအောင် ချည်နှောင်ထားပါသည်။

(ဝိုးတံး-ဝိုးလံး) ဟူ၍ နောက်လိုက် နွားနှစ်ကောင်ထားရသေးသည်။ ပထမ (ဝိုးနမ်း) ရှေ့ဆုံးသွားနွား ကဲ့သို့ နွားနှစ်ကောင်ရွေးချယ်၍ ၄င်းတို့အား ထိုက်သင့်ရာ တန်ဆာဆင်ပေးလျက် ၄င်းတို့၏ ကျောကုန်းပေါ် ခေါင်းလောင်းကြီး တလုံးစီ တင်ပေးလိုက်၏။ (ဝိုးနမ်း) ၏နောက်သို့ ထပ်ကြပ်မကွား အမြဲတစေ လိုက်ရသည့် ဒုတိယ နွားဆောင် ဖြစ်သည်။
ခေါင်းလောင်းကြီး နှစ်လုံးမှာ မတိမ်းမယိမ်း အစဉ်လိုက်၍ အကြီး အငယ်ခွဲခြားထား၏။ အသံမှာလည်း လွန်စွားငြိမ့်ညောင်း သာယာနာဖွယ် ကောင်းလှ၏။ ငါးမိုင်အဝေးသို့ အသံလွှင့်၏။ (ဝါ) ငါးမိုင်တာဝေးမှ ကြားရသည်။ နွားဝန်တင် အသင်းအဖွဲ့ အသီးသီး ရှိကြသေး၏။ ဒေသအလိုက် ရွာအလိုက် နွားဝန်တင်အုပ်စုဟု ဖွဲ့စည်းထားတတ်ကြသေး၏။ အချို့လည်း တသီးပုဂ္ဂလအနေဖြင့် နွားဝန်တင်အအုပ်လိုက် ထား၏။ ထိုအသင့်းအဖွဲ့များမှ ခေါင်းလောင်းကြီး လုံးကြီး၊ လုံးငယ် အသွယ်သွယ်၊ အလုံးလှ အလုံးကောင်း၊ အသံကောင်း ဟူ၍ အသီးသီး တန်ဖိုးထား၍ အချင်းချင်း ဂုဏ်ယူကြသေး၏။
အစဉ်တစိုက် ခရီးသွားသည့်အခါ၊ ရှေ့ဆုံးနွား (ဝိုးနမ်း) နောက်မှ ပစ္စည်းများ အပြည့် တင်ဆောင်သည့် နွားဝန်တင်အုပ်ကြီး ဖြစ်သည်။ နွားဝန်တင်အုပ်ကြီးမှာ နွားအကောင်ရည် အစိတ်မှ ငါးရာအထိ ပါရှိသည်။
ပစ္စည်းများ တင်ဆောင်သည့်အခါ နွားဝန်တင်များ၏ အင်အားကိုလိုက်၍ ပစ္စည်းများ တင်ပေးလိုက်သည်။ အချို့ကိုလည်း ပစ္စည်းမျှပြီး တင်ပေးလေ့ရှိသည်။
နွားဝန်တင်အုပ်ကြီး၏ အလယ်၌ သွားလေ့ရှိသော နွားအလှ နှစ်ကောင်အား ရွေးချယ်လျက် ခေါင်းလောင်းကို တလုံးစီတင်ပေးပြီး လိုက်ပါစေခဲ့သည်။ ခေါင်းလောင်းကြီး၏ အသံမှာ အကြီးအငယ်လိုက်၍ အသံကောင်းပါသည်။
ထိုကဲ့သို့ပြုလုပ်ခြင်းမှာ အစဉ်အလာအရ ဖြစ်သည်။ ပစ္စည်းပျောက်ဆုံးခြင်း နွားများ၏ အကျင့်ပျက်ပြားခြင်းမှ ကာကွယ်သည့် သဘောပင်ဖြစ်သည်။ နောက်တကြောင်းလည်း နောက်လိုက် လုပ်ဖော်ငယ်သားများအတွက် အလွယ်တကူ နွားအုပ်ကြီးအား ထိန်းကွပ်နိုင်ပါသည်။
ရှေ့ဆောင်နွားအတွက် ရံဖန်ရံခါ ခြေထောက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ရောဂါတခုခုဖြင့် မသွားနိုင်ပါက အရံနွား (ဝိုးနမ်း) ထားရပါသည်။ ရှေ့ဦးဆုံး အမြဲတစေ သွားလေ့ရှိသည့် နွားကိုသာ ရွေးချယ်ရပါသည်။
ရှေ့ဆောင်နွားမရှိလျှင် မဖြစ်ပါ။ ရှေ့ဦးဆုံးသွားရသော နွားကိုကြည့်ပြီး ဝန်တင်နွားအားလုံး လိုက်သွားရခြင်းဖြစ်သည်။ ရှေ့ဆောင်နွား၊ ညွှန်ရာသွားရာ လိုက်သွားရသဖြင့် တောင်တောင်ရှိုမြောင်များ ဖြတ်ကူးသွားလာခြင်း စသောအမှုကို ရှေဆောင်နွား၏ ရဲစွမ်းသတ္တိကြောင့် အောင်မြင်ခဲ့ပေသည်။
ထို့ကြောင့် ထိုရှေ့ဆောင်နွားကောင်းမှ နောက်လိုက်ကြသည့် ဝန်တင်နွား အားလုံးကောင်းသွားပါမည်။ ရောက်လိုသည့်နေရာ စခန်းသို့ ရောက်ရှိနိုင်ပါသည်။

မှတ်ချက် ။ ။ မူရင်းစာအရေးအသားမှ ရှေးယခင်က အရေးအသားဖြစ်သောကြောင့် Shan History Group မှ အနည်းငယ်ပြင်ဆင်ထားပါသည်။ မူရင်းရေးသားသူနှင့် မူရင်းစာအုပ်ကို မဖော်ပြနိုင်ခြင်းအတွက် တောင်းပန်ပါကြောင်း …..