25.10.16

အောင်မြင်သူများရဲ့ အကောင်းဆုံး စကား (၁၀) ခွန်း

အောင်မြင်သူများရဲ့ အကောင်းဆုံး စကား (၁၀) ခွန်း

အောင်မြင်ကျော်ကြားကြသူတွေဟာ ကံကောင်းလို့ ကံစပ်လို့ ဖြစ်လာတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့မှာ အိမ်မက်တွေ ရှိတယ်။ ပြီးတော့ အဲဒီအိမ်မက်ကို အကောင်အထည် မဖော်နိုင်မချင်း သူတို့ မရပ်ဘူး။ အလုပ်တစ်ခု စလုပ်တယ်ဆိုတာ စိန်ခေါ်မှုတွေအများကြီးပါ။ ကျရှုံးသွားသူတွေကလဲ ဒုနဲ့ဒေး။ အာရုံစူးစိုက်မှု အပြည့်နဲ့ စိတ်အားထက်သန်မှု အပြည့်ရှိမှ အောင်မြင်နိုင်တာမျိုး။ ကျနေတဲ့ စိတ်ဓာတ်ကို ပြန်ကောက်တင်ဖို့ပဲ ဖြစ်ဖြစ်၊ ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက် အားအင် ကောက်ရိုးတစ်မျှင်ပဲ ဖြစ်ဖြစ် ရစေဖို့ အောင်မြင်ကျော်ကြားသူများရဲ့ အကောင်းဆုံး စကား (၁၀) ခွန်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁) Steve Jobs, Apple ကို တည်ထောင်သူ

ဘဝဆိုတာ တိုလွန်းပါတယ်၊ ရတဲ့အချိန်လေးအတွင်းမှာ သူများပြောစကားနဲ့ လမ်းမဆုံးစေနဲ့။ သူများတွေ ပြောတဲ့စကားကို နားယောင်ပြီး ကိုယ့်ရဲ့ နှလုံးသားက ပြောတဲ့စကားကို လျစ်လျူမရှုမိပါစေနဲ့။ ခင်ဗျားရဲ့ နှလုံးသားကို နားထောင်ပါ၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းက တိုက်တွန်းချက်တွေကို ဂရုစိုက်ပါ။ ခင်ဗျားဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ဘာဖြစ်သင့်လဲ ဆိုတာ သူတို့သိပါတယ်။

(၂) Sara Blakely, SPANX ကို တည်ထောင်သူ

ဘာမှမသိဘူးလား။ ကောင်းတယ်။ အထူးသဖြင့် အလုပ်တစ်ခုစလုပ်လုပ်ချင်းမှာ ဘာမှမသိသေးတာ အကောင်းဆုံးပဲ။ ဒါမှပဲ တခြားသူတွေနဲ့ မတူတဲ့ အတွေးအခေါ်အသစ်တွေရှိမှာ။ ဒါမှပဲ အသစ်အသစ်တွေကို ဖန်တီးနိုင်မှာလေ။

(၃) Mark Twain, စွန့်ဦးတီထွင်သူ၊ စာရေးဆရာ

ခုချိန်ကနေ နောက် နှစ် ၂၀ ရောက်တဲ့ အခါ ခင်ဗျား လုပ်ခဲ့မိတာတွေအတွက် ခင်ဗျားနောင်တ ရနေမှာ မဟုတ်ဘူး။ ခင်ဗျား မလုပ်မိတာတွေအတွက် နောင်တရနေမှာ။ ဒါကြောင့် ရွက်တွေကို ပြင်လိုက်စမ်းပါ။ ရွက်လွှင့်လိုက်စမ်းပါ။ စူးစမ်းရှာဖွေပါ၊ အိမ်မက်မက်ပါ၊ အကောင်အထည် ဖော်စမ်းပါ။

(၄) Seth Godin, စာရေးဆရာ၊ စွန့်ဦးတီထွင်သူ၊ ဈေးကွက်ကျွမ်းကျင်သူ

မီဒီယာတွေမှာ ဖော်ပြကြတဲ့ ခဏချင်း အောင်မြင်သွားတဲ့သူတွေအကြောင်းကို မေ့လိုက်ပါ။ ရင်းနှီးမြှုပ်နှံသူတွေ လိုချင်တဲ့ ခဏချင်းအောင်မြင်စေတဲ့ နည်းဗျူဟာတွေ၊ လတ်တလောရမယ့် အောင်မြင်မှုတွေကို မေ့လိုက်ပါ။ ခင်ဗျားလုပ်ရမှာက ခင်ဗျားရဲ့ တကယ့် customer တွေဆီက အသံတွေကို နားထောင်ရမယ်၊ ခင်ဗျားရဲ့ အနာဂတ်အမြော်အမြင်ကို နားထောင်ရမယ်၊ ပြီးတော့ ရေရှည်အတွက် ပြင်ဆင်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အောင်မြင်ဖို့ဆိုတာ အချိန်တော်တော်ကြာကြာ လိုလို့ပါပဲ။

(၅) Mark Cuban, Landmark Theaters ၏ ပိုင်ရှင်၊ AXS TV ၏ ဥက္ကဌ

ခင်ဗျားဘယ်နှကြိမ်လောက် ကျရှုံးခဲ့လဲဆိုတာ အရေးမပါပါဘူး။ ခင်ဗျား ဘယ်နှကြိမ်လောက် အောင်မြင်ကာနီးလေး ဖြစ်ခဲ့တယ်ဆိုတာလဲ အရေးမပါပါဘူး။ ခင်ဗျား ဘယ်လောက် ကျရှုံးလဲဆိုတာ ဘယ်သူကမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ ခင်ဗျားကိုယ်တိုင်လဲ ဂရုစိုက်စရာမလိုဘူး။ ခင်ဗျားလုပ်ရမှာက ခင်ဗျားရဲ့ အမှားတွေထဲကရော တခြားသူတွေရဲ့ အမှားတွေထဲကပါ သင်ယူရမယ်။ တကယ်က ခင်ဗျားအနေနဲ့ တစ်ခါလောက်ပဲ မှန်ဖို့လိုတာပါဗျာ။ ဒါဆိုရင်တော့ တခြားသူတွေက ခင်ဗျား ဘယ်လောက် ကံကောင်းတယ်လို့ ပြောနိုင်ပြီပေါ့။

(၆) Nolan Bushnell, Atari နှင့် Chuck-E-Cheese’s တည်ထောင်သူ

ခင်ဗျားလုပ်ရမှာက လွယ်လွယ်လေးပါပဲ။ ထိုင်မနေနဲ့၊ အခုပဲ တစ်ခုခု ထလုပ်တော့။ အိုင်ဒီယာကတော့ လူတိုင်းမှာ ရှိတာပဲ။ ဒါပေမယ့် လူနည်းနည်းလေးကပဲ အဲဒီအိုင်ဒီယာကို နေ့ရွှေ့ညရွှေ့ လုပ်မနေဘဲ ချက်ချင်း ထလုပ်တတ်ကြတာ။ တကယ့် စွန့်ဦးတီထွင်သူ အစစ်ဆိုတာ လုပ်နေတဲ့သူကို ခေါ်တာ၊ အိမ်မက်ပဲ မက်နေတဲ့သူကို ခေါ်တာမဟုတ်ဘူး။

(၇) Henry Ford, Ford ကုမ္ပဏီ တည်ထောင်သူ

ကျရှုံးမှု ဆိုတာ နောက်တစ်ကြိမ်မှာ အစကနေ ပြန်စဖို့ အခွင့်အရေးပဲ။ မတူတာကတော့ ဒီတစ်ခါ ပြန်စတဲ့အခါ အရင်တစ်ခါကထက် ပိုသိနေပြီလေ။

(၈) Mark Zuckerberg, Facebook ကိုတည်ထောင်သူ

တကယ်လို့ ခင်ဗျားဟာ တကယ်စိတ်ပါတဲ့ ၊ ရင်ထဲနှလုံးသားထဲက လာတဲ့ အလုပ်ကိုပဲ လုပ်နေရပြီဆိုရင် ခင်ဗျားအတွက် master plan တွေ ဘာတွေ မလိုတော့ဘူး။

(၉) Reid Hoffman, Linkedin ပူးတွဲ တည်ထောင်သူ

ခင်ဗျားမှာ ဘယ်လောက်ပဲ ကောင်းတဲ့ အိုင်ဒီယာအကြံဥာဏ်တွေ၊ နည်းဗျူဟာတွေ ရှိနေပါစေ၊ ခင်ဗျားတစ်ယောက်တည်း ကြဲနေတယ် ဆိုရင်တော့ သေချာတယ်.. အဖွဲ့လိုက်လုပ်နေတဲ့သူတွေကို ခင်ဗျား ရှုံးမှာပဲ။

(၁၀) Russell Simmons, Def Jam Records တည်ထောင်သူ

လူတွေမှာလိုအပ်နေပြီး မရှိသေးတဲ့ အရာတွေအပေါ်မှာ ခင်ဗျား အာရုံစိုက်ဖို့ပဲ လိုတာပါ။

အောင်မွန်ချမ်း
www.myanmarleaders.com

No comments:

Post a Comment