16.3.14

ငါးတစ်ကောင်ရဲ့ ပင်လယ်
 

တံငါသည်တစ်ဦးက မိခဲ့တဲ့ငါးတစ်ကောင်ကို သေးလွန်းလို့ဆိုပြီး ငါးကန်ထဲထည့် အလှမွေးထားလိုက်တယ်။ ငါးက ငါးကန်ထဲကူးလူးရင်း ကန်နံရံနဲ့ မကြာခဏတိုက်မိခဲ့လို့ စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ အဲဒီနောက် ငါးက တစ်နေ့တစ်ခြား ကြီးပြင်းလာခဲ့ပြီး သေးငယ်တဲ့ငါးကန်ထဲမှာ လှည့်ပတ်ကူးခတ်ဖို့ ခက်ခဲလာခဲ့တယ်။ ဒါကြောင့် တံငါသည်က ငါးကို ငါးကန်ကြီးတစ်ကန်ထဲ ပြောင်းထည့်လိုက်တယ်။ ငါးဟာ ငါးကန်ကြီးထဲမှာ လူးလားခေါက်ပြန် ကူးခတ်လို့ရပေမယ့် မကြာခဏ ကန်နံရံနဲ့တိုက်မိပြန်တယ်။
ဒီလိုမလွတ်လပ်ဘဲ ကန့်သတ်ခံရတဲ့နေရာမှာ ငါးဟာငြီးငွေ့လာခဲ့ပြီး အစားလည်းမစာ၊ လှုပ်လည်းမလှုပ်ဘဲ ကန်ထောင့်တစ်နေရာမှာပဲ ငြိမ်ငြိမ်လေးနေခဲ့တယ်။ ဒါကို တံငါသည်ကမြင်ပြီး ငါးကိုသနားလို့ ပင်လယ်ထဲ ပြန်လွှတ်ပေးလိုက်တယ်။
ငါးဟာ ပင်လယ်ထဲရောက်တယ်ဆိုရင်ဘဲ မရပ်မနားကူးခတ်တော့တယ်။ ဒါပေမယ့် သူနည်းနည်းမှ မပျော်ခဲ့ဘူး။ တစ်နေ့မှာ အခြားငါးတစ်ကောင်နဲ့တွေ့တော့ အဲဒီငါးက သူ့ကိုမေးတယ်။
"အဆွေငါး ခင်ဗျားကြည့်ရတာ မှိုင်တွေတွေနဲ့ မပျော်ဘူးလား"
"ဟင်း.. ဟုတ်တယ်.. ဒီငါးကန်က ကြီးလွန်းလို့ ကျွန်တော်ဘယ်လိုကူးကူး ကန်နံဘေးကို မရောက်နိုင်ခဲ့ဘူးဗျာ" လို့ ငါးကသက်ပြင်းနဲ့အတူ ပြန်ဖြေလိုက်တယ်။
စိတ်က လူတစ်ယောက်ရဲ့အတောင်ပံဖြစ်တယ်။ စိတ်ကျယ်ပြန့်သလောက် လောကကြီး လိုက်ကျယ်ပြန့်ပါတယ်။ စိတ်ထဲက လေးဖက်လေးတန်စိတ်နံရံကို သင်မတွန်းလှန်နိုင်ခဲ့ရင် ပင်လယ်ကြီးလောက်ကျယ်ပြန့်တဲ့ နေရာတစ်ခုပေးခဲ့လည်း လွတ်လပ်မှုကို သင်ခံစားမိမှာ မဟုတ်ပါဘူး
 

Credit-နိုင်းနိုင်းစနေ

No comments:

Post a Comment