တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ
အလွန်ချောမောလှပတဲ့ ဘုရင်မတစ်ဦး အုပ်ချုပ်တယ်။ အခြားတိုင်းပြည်တွေက
ဘုရင်တွေက ဘုရင်မကို လိုချင်ကြတာပေါ့။ တစ်ချို့ဘုရင်တွေဆို ဘုရင်မရဲ့
တိုင်းပြည်ကို တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ဖို့ ကြိုးစားကြတယ်။ အဲဒီတော့ ဘုရင်မဟာ အားလုံးကို မေးခွန်းတစ်ခုမေးပြီး တရားမျှမျှ တတ ယှဉ်ပြိုင်ခိုင်းမယ်။ နိုင်တဲ့ ဘုရင်ကို သူယူမယ်ပေါ့။
အဲလိုနဲ့ အတိုင်းတိုင်းအပြည်ပြည်က ဘုရင်တွေလာကြတာပေါ့။ တစ်ချို့ကလဲ အသ်က
သုံးဆယ်ကျော်တွေ ရှိသလို တစ်ချို့တွေကလဲ ၆၀ ၇၀ ပေါ့။ တစ်ချို့ဘုရင်တွေကတော့
သားတော်တွေ စေလွှတ်လိုက်တာပေါ့။
အဲဒီအချိန်မှာ ဘုရင်မက
နန်းတော်ရှေ့က မြေ ၁ ဧကလောက်ကို ပန်းတွေစိုက်စေတယ်။ ဒါပေမယ့် ပန်းတွေက
အစစ်တွေမဟုတ်ဘူး။ ပန်းအတုတွေ။ ပန်းအတုတွေကို အနံ့တွေ အရောင်အဆင်းတွေကအစ
ပန်းအစစ်တွေနဲ့ တစ်ထပ်ထဲဖြစ်အောင် ပြုလုပ်ထားတယ်။ ဘုရင်တွေလဲ စုံတော့
ပန်းခင်းကြီးက အရမ်းလှပနေတာပေါ့။
ဘုရင်မရဲ့ မေးခွန်းကတော့ ရှင်းရှင်းလေးပါ။
" ပန်းပွင့်အတုတွေထဲက ပန်းအစစ်ကို ရှာနိုင်သူကို ယူမယ်" ပေါ့။
ဒါပေမယ့် စည်းကမ်းတစ်ခုတော့ ရှိတယ်။ ပန်းခင်းထဲကို ဆင်းမရှာရဘူး။ အပြင်ကနေပဲ ရှာရမယ်ပေါ့။
ဘုရင်တွေလဲ ကြိုးစားပြီးတော့ ပန်းခင်းအစပ်ကနေ လှမ်းကြည့်ကြတယ်။ ဒါပေမယ့်
ဝေးလွန်းတော့ မမြင်ရဘူး။ ပန်းအနံ့ကို ခံကြည့်ကြတယ်။ ပန်းအတုတွေဆိုတော့
အနံ့တွေလဲ အတူတူပေါ့။ တစ်ချို့ကတော့ လက်လျှော့ပြီး ပြန်ကုန်တယ်။
တစ်ချို့ကတော့ အရှုံးပေးတယ်။ ဒါပေမယ့် ဘယ်သူရမလဲ ဆိုတာကို စောင့်ကြည့်ဖို့
နေခဲ့ကြတယ်။
အဲဒီအချိန်မှာပဲ
ဘုရင့်သားတော်တစ်ယောက်ရောက်လာသတဲ့။ ပြီးတော့ ဒီပန်းကို သူတွေ့အောင်ရှာမယ်
ဆိုပြီးတော့ ပြောတယ်။ အားလုံးကလဲ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေတယ်။
ဘုရင့်သားက လှေကားတစ်ခုကို ဆောက်လာတယ်။ ပေ ၃၀ လောက်မြင့်တဲ့ လှေကားပေါ့။
ပြီးတော့ လက်ထဲမှာလဲ ပျားကောင်လေးတွေ ထည့်ထားတဲ့ ပျားအုံတစ်ခုကို
ကိုင်ထားတယ်။ အရင်ဆုံး သူကပန်းခင်းနားကို သွားပြီးတော့ ပျားကောင်လေးတွေ
လွတ်လိုက်တယ်။ ပျားကောင်လေးတွေဟာ ဟိုဟိုဒီဒီ ပျံဝဲကြတယ်။ ဘုရင့်သားက
သူလုပ်လာတဲ့ လှေကားကို နံရံမှာထောင်လိုက်ပြီးတော့ လှေကားပေါ်ကနေ
တက်ကြည့်တယ်။ ပျားကောင်လေးတွေ ဟာ ပျံသန်းနေရင်းနဲ့ ပန်းပွင့်တစ်ပွင့်ပေါ်ကို
တက်တယ်။ သိပ်မကြာဘူး နောက်ပျားကောင်လေးတွေဟာလဲ အများကြီး စုပြုံလာတယ်။
ဘုရင့်သားက အဲဒီပန်းလို့ပြောတယ်။ အဲတော့ ဘုရင်မလဲ မှန်တယ်လို့
ဖြေလိုက်တာပေါ့။
အားလုံးကလဲ အံ့သြကြတယ်။ အဲဒါနဲ့ အတုနဲ့ အစစ်ကို ဘယ်လိုခွဲရကောင်းမှန်းသိတာလဲ လို့ ၀ိုင်းမေးကြတာပေါ့။
"
လွယ်လွယ်လေးပါ အတုနဲ့ အစစ်ကို အနံ့နဲ့ မခွဲပါနဲ့ အရသာနဲ့ ခွဲခြားပါ။ အတုက
အစစ်ဖြစ်အောင် ဘယ်လောက်အနံ့တွေနဲ့ ဖုံးဖိဖိ အရသာကတော့ ကွဲပြားပါတယ်။"
နောက်ဆုံးတော့ ကတိအတိုင်း ဘုရင့်သားတော်လေးနဲ့ ဘုရင်မတို့ နှစ်ယောက်သား သက်ဆုံ့းတိုင်ပေါင်းဖက်ကြပါတော့တယ်။
ကျွန်တော်တို့ အပြင်လောကမှာလဲ အဲလိုပါပဲ။ လူတစ်ယောက်ဟာ
အရည်အချင်းမရှိလို့ အရည်အချင်းရှိတယ်ဆိုပြီး ဘယ်လောက်ပဲပြောပြော
ဘယ်လောက်ပဲ ဟန်ဆောင်ဆောင် နောက်ဆုံးတကယ့် အရည်အချင်းက
စကားပြောသွားတာဖြစ်ပါတယ်
မောင်စိုင်း
No comments:
Post a Comment